တပ်ကနေ ထွက်ပြေးတဲ့ တပ်သားကို ပြန်ဖမ်းမိ၊ သေဆုံးသည်အထိ ရိုက်နှက်မှုဖြစ်ပွား

တပ်ကနေ ထွက်ပြေးတဲ့ တပ်သားကို ပြန်ဖမ်းမိ၊ သေဆုံးသည်အထိ ရိုက်နှက်မှုဖြစ်ပွား
ပုံ - ဟောင်း/ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းက အခြေခံတပ်သားသစ်သင်တန်းဆင်းပွဲ
ပုံ - ဟောင်း/ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းက အခြေခံတပ်သားသစ်သင်တန်းဆင်းပွဲ

သျှမ်းပြည် ပင်လောင်းမြို့ တောင်ဘက် အထွက်နားရှိ စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေးသည့် တပ်သားတစ်ဦးကို ပြန်လည်ဖမ်းမိပြီး သေဆုံးသည်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်တွင် ကိုကြွက်နီ (အပေါင်းအသင်းများမှ ခေါ်သောနာမည်၊ နာမည်အရင်းမသိရ) အပါအဝင် တပ်သား ၅ ဦးထက်မနည်းသည် စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေး ခဲ့ရာ ကိုကြွက်နီက ပြန်လည်ဖမ်းဆီးခံရပြီး သေဆုံးသည် အထိ ရိုက်နှက်ခံရကြောင်း အတူထွက်ပြေးလွတ် မြောက်သည့် တပ်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုကြွက်နီ နှင့် အတူ အတူထွက်ပြေးလွတ်မြောက်သည့် တပ်သား တစ်ဦးက “ထွက်ပြေးခဲ့တုန်းကတော့ ကျနော် တို့ အတူတူ ထွက်ပြေးခဲ့ကြတာပါ၊ ဒါပေမဲ့ ကိုကြွက်နီက လူစုနဲ့ ကွဲပြီး လမ်းမှား သွားတာ၊ သူ့ကို ပြန်ဖမ်းမိသွား တယ်၊ သူ့ကို ရိုက်နှက် စစ်ဆေးကြတာပေါ့ဗျာ၊ သူဆုံးသွားပြီ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုကြွက်နီ သေဆုံးမှု နှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က မိသားစုဝင်များကို နှလုံး သွေးကြော ကျဉ်းမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အကြောင်းကြားခဲ့သည်ဟု ဆိုကြသည်။

လက်ရှိတွင် သေဆုံးသည့် ကိုကြွက်နီ၏ ရုပ်အလောင်းကို ကလောမြို့ရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင် ထားပြီး မိသားစုဝင်များက တွေ့ခွင့်တောင်းထားကြသည်။

“သူ့မိသားစုဝင်တွေကို နှလုံးသွေးကြော ကျဥ်းရောဂါနဲ့ သေသွားတယ်လို့ အကြောင်းကြားလိုက်တယ်။ ခုလည်း ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံက ရင်ခွဲရုံကို ပို့ထားနေတယ်ဆိုလို့ မိသားစုဝင်တွေက တွေ့ခွင့်၊ အလောင်းပြန်ရခွင့် တောင်းနေတယ်။ ရ မရတော့ မသိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ ကိုကြွက်နီသည် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် တစ်ဦးဖြစ်ပြီး အမှတ် (၄) စစ်ကောင်စီ လေ့ ကျင့်ရေး တပ်စခန်းအတွင်း ရောက်လာသည်မှာ တစ်နှစ်နီးပါးရှိပြီ ဖြစ်ကြောင်းလည်း တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်များအရ သိရသည်။

အဆိုပါ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းအတွင်းတွင် သင်တန်းသား ၂၀၀ နီးပါး ရှိနေပြီး အများစုက အဓမ္မ စစ်သားစုဆောင်း ခံရသူများ ဖြစ်ကြောင်းလည်း တပ်နှင့်နီးစပ်သူ အချို့၏ ပြောပြချက်များအရ သိရသည်။

Most read this week

November 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ...
October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...