နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးမှု ပျက်စီးလာသောကြောင့် ခိုးဆိုးလုယက်မှု များလာ

နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးမှု ပျက်စီးလာသောကြောင့် ခိုးဆိုးလုယက်မှု များလာ

စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တရားဥပဒေ စိုးမိုးမှု ပျက်ပြားပြီး တိုင်းပြည်၏ စီးပွားရေး ဆုတ် ယုတ်မှုကြောင့် စားဝတ်နေရေး ခက်ခဲခြင်း၏ နောက်ဆက်တွဲအဖြစ် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ ပိုမို များပြားလာနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူများ၏ ပြောဆိုမှုများအရ သိရသည်။

လက်ရှိ အခြေအနေများအရ မြို့ပြများတွင် ခိုးဝှက်မှုနှင့် အသက်အန္တရာယ် ခြိမ်းခြောက် လုယက်မှုများ ခံနေရ သောကြောင့် ကျားမမရွေး နေ့ရောညပါ သတိထားသွားလာနေရသလို တရားမျှတမှုရရှိရန် တာဝန်ယူဖြေ ရှင်း ပေးမည့် ရဲဌာနများမှာလည်း စိတ်ချယုံကြည်ရခြင်းမရှိတော့ကြောင်း ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ယခုကဲ့ သို့ ပြောြပသည်။

“အခုနောက်ပိုင်းက ပိုဆိုးတယ်။ လိုင်းကားစီးတာကအစ မလုံခြုံတော့ဘူး။ နေ့ဘက်တောင် လူခြေပြတ်တာနဲ့ ပါ တဲ့ ပစ္စည်းကို ဓါးထောက်ပြီး လုယူတာမျိုးတွေလည်း ပေါလာတယ်။ တိုင်တောလည်း ထိထိရောက်ရောက် လိုက်လုပ်ပေးသူ မရှိဘူး။ ပတ်ဝန်းကျင်ဆိုလည်း သူခိုး သူခိုး အော်ရင်တောင် ဝိုင်းဖမ်းပေးမယ့်သူ မရှိဘူး။ အကုန်လုံးက သံသယ မျက်စိတွေနဲ့ပဲ ကြည့်နေကြတာ များတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ရပ်ကွက်အတွင်းအပြင်ရှိ ဈေးဆိုင်များတွင် သတိမရှိပါက ဆိုင်ရှိပစ္စည်းပျောက်ရှခြင်း အခြေအနေများ အဖြစ် များလာ၍ ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း သတိမလစ်ဟင်းရန် ကြည့်နေရပြီး ရဲစခန်းတိုင်ကြား သော် လည်း ပျောက်ရှပစ္စည်း အခြေအနေများနှင့် ပတ်သက်၍ သတင်းမကြားရသည်က များသည်ဟု ဖားအံမြို့ခံ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး က ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

၎င်းဖားအံမြို့ခံက “ကျမဆိုင်ကယ်ဆို နေ့ခင်းကြောင်တောင် ဆိုင်ရှေ့ရပ်ထားရင်းနဲ့ တစ်ချက်လေး သတိလွတ်တဲ့ အချိန် ပျောက်သွားတယ်။ ဆိုင်တွေ တော်တော်များများ ခုနောက်ပိုင်း အဲ့လိုဖြစ်လာတာများတော့ တစ်ချက်မှ အလစ်မပေးရဲ တော့ဘူး။ ရဲစခန်းတော့ တိုင်ထားတာပဲ။ မလှုပ်ရှားပေးလောက်ဘူး ထင်ပါတယ်။ သူများ ဆိုင် ကယ်တွေပျောက်တာ တိုင်တော့လည်း ပြန်ရတာမျိုး မကြားမိဘူး ဆိုတော့လေ” ဟု ပြောသည်။

နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး ချို့ယွင်းလာပါက သမာအာဇီဝဖြင့် ရပ်တည်၍မရတော့သောကြောင့် အချို့ ပြည်သူများမှာ ထိုကဲ့သို့ အမှုအခင်းများ ကျုးလွန်လာကြသလို စစ်ကောင်စီမှစ၍ ဥပဒေမဲ့လုပ်ရပ်များအား ခွင့် ပြုလိုက်ပါ လုပ်ဆောင်နေခြင်း၊ တော်လှန်ရေး လှုပ်ရှားသူများအား တရားခံအဖြစ် သတ်မှတ်၍ အကျဥ်းချထား ပြီး အမှန်တကယ် ရာဇဝတ်မှု ကျူးလွန်သူများကိုမူ ပြန်လွှတ်ပေးနေခြင်းကြောင့် တရားဥပဒေကင်းမဲ့သည့် ဖြစ် စဥ်များရှိလာကြောင်း နိုင်ငံရေး သုံးသပ်လေ့လာသူအချို့ကလည်း ပြောဆိုကြသည်။

နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးရေးသားသူ မောင်ကျော်စွာက “ကျနော်တို့တိုင်းပြည်မှာကျတော့ တိုင်းပြည် အုပ်စိုးနေတဲ့ သူကိုယ်တိုင်က ဥပဒေမဲ့ လုပ်ဆောင်တော့ ခေါင်က မိုးမလုံတော့သလို ဖြစ်လာတာပေါ့။ မြို့ပြ တွေမှာဆိုလည်း မူးယစ်ဆေးဝါးတွေကို ဖော်ဖော်သီသီ သုံးခွင့်ပေးထားတာက လူငယ်တွေကို တော်လှန်ရေး ဘက် မရောက်အောင် တမင်တကာ လုပ်ဆောင်နေတာ။ ဒါကြောင့် ဒီပြဿနာတွေရဲ့ အရင်းခံက စစ်အုပ်စုလို့ပဲ ကျနော်ကတော့ ဆိုချင်တယ်” ဟု သုံးသပ် ပြောဆိုသည်။

အလားတူ နိုင်ငံ့စီးပွားရေး မတည်ငြိမ်မှုများကြောင့် နိုင်ငံခြားငွေဈေး အဆမတန်တိုးမြှင့် လာကာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်သူလူထုမှာ အသက်ရှင် ရပ်တည်ရေးအတွက် အကြပ်အတည်းများစွာ ရင်ဆိုင်လာရ သည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံအဆင့် နေ့ထူးနေ့မြတ်များတွင် အကျဉ်းထောင်များရှိ အကျဉ်းသား အကျဉ်းသူ များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့လေ့ရှိသည်။

ယခု ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ကလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိ အကျဥ်း ထောင်များမှ အကျဥ်းသား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည့် အထဲတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ဆယ်ဂဏန်းခန့်သာ ပါရှိခဲ့ပြီး ကျန်အကျဉ်းသားများမှာ ရာဇဝတ်မှုအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးမှုကြောင့် ထောင် ဒဏ် ချမှတ်ခံထားရသူများ ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

Photo: Myanmar Digital News

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...