နိုင်ငံတည်ငြိမ်အေးချမ်းမှ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ရခိုင်ရောက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဇူလိုင်လ ၁၁ ရက်နေ့က စစ်တွေတပ်နယ်နှင့် ကမ်းနီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာ စကားပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည် ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ်ကြောင်း”ဟု ၎င်းက ထည့်သွင်း ပြောကြားသွားခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ရှမ်းပြည်နယ်၊ သီပေါ မဲဆန္ဒနယ်မှ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးရဲထွန်းကမူ လက်ရှိဆိုးရွားနေသည့် မြန်မာနိုင်ငံရေး အခြေအနေ အရ ရွေးကောက်ပွဲ ဖြစ်လာနိုင်ရန် မရှိသေးဟု နိရဉ္စရာကို ပြောသည်။
“အဲ့လို အချိန်ဖြစ်ဖို့အတွက် သူတို့ နိုင်ငံရေးအရ အပြောင်းအလဲတွေ လုပ်ပေးဖို့လိုလိမ့်မယ်။ ဆိုလိုချင်တာက ဥပမာ အဲ့ဒီရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ၊ လုပ်မဲ့အချိန်မှာ NLD လည်း ပါဝင်ခွင့်ရမှာ။ ဒေါ်အောင်ဆန်းစုကြည် တို့ လည်း လွတ်လာပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုး ရှိလာတယ်ဆိုလို့ ရှိရင်တော့ အဲ့ဒီလိုမျိုး နိုင်ငံရေးအခြေအနေမျိုး ရှိလာနိုင်တာပေါ့။ နိုင်ငံရေး အဲ့လို အပြောင်းအလဲ အခြေအနေ တစ်ခု ဖန်တီး ပေးလိုက်လို့ ရှိရင်တော့ အဲ့ဒီလို ရွေးကောက်ပွဲ အေးဆေးလုပ်နိုင်တဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်” ဟု ပြော သည်။
စစ်ကောင်စီ အနေဖြင့် ယခုအချိန်တွင် ရွေးကောက်ပွဲကျင်းနိုင်မည် မဟုတ်သေးကြောင်း၊ တစ်နိုင်ငံလုံး အေးအေး ချမ်းချမ်း ဖြစ်သည့်အချိန်၊ ၎င်းတို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်သည့် အခြေအနေကျမှသာ ရွေးကောက်ပွဲ ဖြစ်လာ နိုင် ကြောင်း ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ ကာ/လုံသည် တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာကာ ကာကွယ်ရေး ဦးစီးချုပ်အား အာဏာအပ်နှင်းထားမှုကို သာမန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ သက်တမ်း ၂ ကြိမ်သာ တိုးမြင့်ခွင့်ပြုထားကြောင်း ရေးဆွဲပြဋ္ဌာန်းထားသည်။
သို့ရာတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေကို လိုရာဆွဲပြီး အရေးပေါ်ကာလကို အကြိမ်ကြိမ်ထုတ်ပြန် ကြေညာကာ နိုင်ငံ့အာဏာကို သိမ်းယူထားခြင်း ဖြစ်သည်ဟုလည်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။
စစ်ကောင်စီတပ်သည် ရခိုင်ဒေသမှအပ မြန်မာနိုင်ငံ တဝန်းလုံးနီးပါးတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်များနှင့် တိုက်ပွဲများ နေ့စဉ် ရက်ဆက်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏ အခြေအနေမှာ မငြိမ်မသက် ဖြစ်ပေါ်လျက် ရှိနေသည်။