မုန်တိုင်းသင့် ရခိုင်ပြည်သူများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို ခံစားနေကြရ

မုန်တိုင်းသင့် ရခိုင်ပြည်သူများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို ခံစားနေကြရ
NP News နှင့် Narinjara
NP News နှင့် Narinjara

ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် အကြီးမားဆုံးနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် သန်းနှင့်ချီသော ရခိုင်ပြည်သူများ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံး၏ ထိခိုက်မှုကို ကြီးမားစွာကြုံတွေ့ ခံစားနေကြရသည်။

နိုင်ငံတွင် လက်ရှိ အာဏာရှိအဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် မုန်တိုင်းအလွန် ၂ လတာ နီးပါးရှိသည့် ယနေ့အချိန်ထိ ရခိုင်ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုအပထား၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ကိုပင် ကုစားပေးနိုင်စွမ်းမရှိသေးကြောင်း ရခိုင်ကျောင်းသား ခေါင်းဆောင်များနှင့် ဒေသအတွင်း လူမှုရေး လှုပ် ရှားတက်ကြွသူများက ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂခေါင်းဆောင် လူငယ်တစ်ဦးက “မုန်တိုင်းပြီးတဲ့နောက်မှာ စစ်ကောင်စီက ပြည်သူ တွေကို လှူဒါန်းတာတွေ ရှိတယ်။ ဆန်တွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေပေါ့။ အဲဒါလည်း ဒီမီဒီယာ လောကမှာ ပိုပြီးဝေဖန်မှုတွေများခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တရွာလုံးပေါင်းပြီး သွပ် ၁၀ ချပ်လှူတာတို့၊ ဆန်ဆိုရင် လည်း တစ်အိမ်ထောင်စုကို တစ်နပ်စာလှူဒါန်းတာတို့၊ အဲဒီလို နည်းနည်းလေး ထောက်ပံ့တာမျိုးပေါ့။ ပြည်သူ တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်အနေနဲ့ဆို စစ်ကောင်စီရဲ့ ထောက်ပံ့မှုက အလွန် ရှက်စရာကောင်းတယ်” ဟု ပြောသည်။

မုန်တိုင်းသင့်ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေး စသည့် ထောက်ပံ့ရေး ပစ္စည်းများကို စစ်ကောင်စီက လုံလောက်အောင် မပေးနိုင်ခြင်းအပေါ်ကြည့်၍ ပြန်လည် ထူထောင်ရေး ကဏ္ဍတွင် စစ်ကောင်စီ၏စွမ်းဆောင်မှုအခြေအနေကို မြင်တွေ့နိုင်ကြောင်း ပြောဆိုကြသည်။

ထိုနည်းတူ စစ်ကောင်စီသည် လေဘေးသင့်ပြည်သူတို့၏ မုန်တိုင်းအလွန် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မကုစားပေးနိုင်သည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏အကူညီကိုပိတ်ပင်ခြင်း၊ ပြည်တွင်း အရပ်ဘက် အဖွဲ့ အစည်းများ၏ ကူညီမှုကိုအဟန့်အတား ပြုလုပ်ခြင်းများကလည်း မုန်တိုင်းသင့်ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကို ပိုမိုထိခိုက်စေပြီး လဲရာဖိထောင်း အခြေအနေမျိုး ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စစ်ကောင်စီကခန့်ထားတဲ့ဝန်ကြီးတွေဆိုရင်လည်း ပြည်သူတွေအပေါ်မှာ အာရုံမစိုက်ဘူး။ တချို့ ဝန်ကြီးတွေ ဆို ရင် တကယ့် ပြည်သူလူထု ဒုက္ခရောက်နေတဲ့ နေရာတွေကို သွားပြီးနှစ်သိမ့်ပေးတဲ့ ပုံစံမျိုးတောင်မရှိဘူး။ ဆို တော့ စစ်ကောင်စီအစိုးရအနေနဲ့ လေဘေးသင့်ပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာအရလည်း မကုစားနိုင်၊ စိတ်ပိုင်း ဆိုင်ရာလည်း မကုစားနိုင်ပါဘူး။ ပရဟိတသမားတွေ ကူညီနေတာကိုတောင် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ပြီး တော့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် ၂ဝ၁ဝ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း ဂီရိ၊ ၂ဝဝ၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သောမာလာ မုန်တိုင်း၊ ၂ဝ၁၅ ခုနှစ်တွင်တိုက်ခတ်ခဲ့သော ကိုမန် ဆိုင်ကလုန်း မုန်တိုင်း နှင့် ၂ဝ၁၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မိုရာ ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ သော်လည်း ယခု မိုခါဆိုင်ကလုန်းမုန်တိုင်းမှာ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည်။

မုန်တိုင်းအလွန် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကျပ်သိန်း ၇ သောင်းကို ထောက်ပံ့ လှူဒါန်းခဲ့သည်ဟု ဆိုသော်လည်း ပြည်သူလူထုကို ထောက်ပံ့သည်ဟု နာမည်ကောင်း ယူရုံမျှသာဖြစ်ပြီး  ပြန် လည် ထူထောင်ရေးလုပ်ငန်းမှာ မုန်တိုင်းတိုက်ပြီး ၂ လအလွန်ထိ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု  ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

စစ်ကောင်စီက ၎င်းတို့ ပုံရိပ်ထပ်မံမကျဆင်းစေရန် သဘောဖြင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးသည်ဟု ဆိုရာတွင် လည်း တစ်အိမ်ထောင်စုကို မာမီးခေါက်ဆွဲ တစ်ထုပ်၊ ဆီအနည်းငယ်၊ ဆန်တစ်နပ်စာ ပိုပိုသာရရှိကြောင်း မုန်တိုင်းသင့် ပြည်သူများနှင့် လူမှုတက်ကြွလှုပ်ရှားသူများက ပြောသည်။

အလားတူ မုန်တိုင်းကြောင့် နေအိမ်၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ မျိုးစပါးများ ပျက်စီးသွားပြီး ဒုက္ခ အကြီး အကျယ် ရောက်နေသည့် ရခိုင်လယ်သမားများကို စစ်ကောင်စီက မျိုးစပါး ထောက်ပံ့ပေးသည်မှာလည်း အလွန်နည်းပါးကြောင်း လယ်သမားများက ပြောသည်။

ရသေ့တောင်က လူမှုရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက "စစ်ကောင်စီမှာက ပြည်သူကိုစေတနာထားတဲ့ လူ မရှိသလောက်နည်းတယ်။ အခွင့်အရေး သမားတွေပိုများပြားတယ်။ ပြီးတော့ သူတို့ရဲ့ဝန်ထမ်းတွေကြား အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ကြား ပြည်သူတွေဆီ ဘာမှ ရောက်မလာဘဲ အလေအလွင့် ပျောက် သွားတာအရမ်းများတယ်။ ဥပမာအားဖြင့် မြို့နယ်ကို ရောက်လာပြီးမှ မြို့နယ် အုပ်ချုပ်ရေးပိုင်းတွေ လက်ထဲမှာမှ ပျောက်သွားတဲ့ကယ်ဆယ်ရေး ပစ္စည်း တွေများတယ်။ တကယ့်တကယ် ဒုက္ခရောက်နေတဲ့ လူတွေလက်ထဲကို မရောက်ဘူး" ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီက မုန်တိုင်းသင့် ပြည်သူများကို ကူညီပေးကြသည့် NGO ၊ INGO နှင့် ကယ်ဆယ်ရေး လုပ်နေသူများကို နှောင့်ယှက်တား ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ လုပ်နေကြခြင်းမှာ စစ်ကောင်စီ ကိုယ်၌က မုန်တိုင်းသင့်ပြည်သူ များကို ထပ်မံ ဒုက္ခပေးလိုက်ခြင်းမျိုး ဖြစ်သည်ဟု ဆိုကြသည်။

မေလ ၁၄ ရက်က ရခိုင်ဒေသကိုဗဟိုပြု တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းသည့် ဇူလိုင် ၁၄ ရက်ဆိုလျှင် နှစ်လတိတိ ပြည့်မည်ဖြစ်သည်။

သန်းနှင့်ချီသော ရခိုင်ပြည်သူလူထုမှာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့နေရဆဲဖြစ်သည့် အပြင် စစ်ကောင်စီက ကယ်ဆယ်ရေး အဖွဲ့အစည်းများကို ကန့်သတ်မှုများကြောင့် ပိုမို ဆိုးရွားလာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...