ALP အဖွဲ့ဝင်အချို့ လုပ်ကြံခံရမှုနှင့်ဆက်စပ်၍ ဒေသခံအချို့ကို ALP ဖမ်းဆီးထား

ALP အဖွဲ့ဝင်အချို့ လုပ်ကြံခံရမှုနှင့်ဆက်စပ်၍ ဒေသခံအချို့ကို ALP ဖမ်းဆီးထား
ALP ထံ ဖမ်းဆီးခံထားရသည့် ကိုကျော်နိုင်ဦးအား တွေ့ရစဉ်။
ALP ထံ ဖမ်းဆီးခံထားရသည့် ကိုကျော်နိုင်ဦးအား တွေ့ရစဉ်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ကွဲမှ ပါတီ ဒု-ဥက္ကဋ္ဌ အပါအဝင် ၃ ဦး မကြာသေးခင်က လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ALP က စစ်တွေဒေသခံအချို့ကို ဖမ်းဆီးထားသည်။

ဖမ်းဆီးခံထားရသူမှာ သုံးလေးဦးခန့် ရှိနေပြီး ထိုအထဲတွင် မိသားစုနှင့်အတူ စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက် (ဒေသအခေါ် အင်ဘာလာရပ်ကွက်)တွင် ရွှေပြည်သစ် ကားဝပ်ရှော့နှင့် ကားအပို ပစ္စည်း အရောင်းဆိုင်ကို ပူးတွဲ ဖွင့်လှစ်လုပ်ကိုင်နေသူ ကိုကျော်နိုင်ဦး  အသက် (၃၃) နှစ်လည်း ပါဝင်သည်။

၁ နှစ်ကျော်အရွယ် သမီးငယ်၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်ဦးကို ဇူလိုင်လ ၃ ရက်၊ ညနေပိုင်းတွင် ALP တပ်ဖွဲ့ဝင် အချို့က လည်ဂုတ်ကို ဆွဲကာ ကားပေါ်တင်ပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အစ်မ ဒေါ်မဦးကြည်က ပြော သည်။

 “ဒီ ALP ဆီရောက်သွားရင် ကျမတို့က အရမ်းစိုးရိမ်ရပါတယ်။ သူတို့လက်ထဲရောက်ရင် ဘာကြောင့် စိုးရိမ်ရလဲ ဆိုတော့ သူတို့ ALP ဟာ လူကို လူလို့ မထင်ဘူးလေ။ ဒါကြောင့် ကျမတို့က သူတို့တွေကို ကြောက်ပါတယ်။ စိုးရိမ်ရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးသည့်နေ့မှ စတင်ကာ ဇူလိုင်လ ၇ ရက်နေ့ အထိ မည်သည့် အဆက်အသွယ်မျှ မရရှိသလို ALP ဘက်က လည်း မည်သို့သော ဆက်သွယ် အကြောင်းကြားပေးမှုမျိုး မရှိသေး၍ စိုးရိမ်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

ALP အဖွဲ့ဝင်  ၃ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ကိုကျော်နိုင်ဦး အပါအဝင် စစ်တွေမြို့မှ အခြား ဒေသခံ အချို့ လည်း ဖမ်းဆီးခံနေရသလို စစ်တွေဒေသခံ လူငယ်အချို့လည်း ပျောက်ဆုံးနေသည်ဟု မြို့ခံများ၏ ပြောပြချက် အရ သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် အမ်ဘာရာမ ဘုန်းတော်ကြီးကျောင်းမှ ၃ ဦး ဖမ်းဆီးခံရသည်ဟု ကြားသိရကြောင်း ရဟန်းတော် တစ်ပါးက ပြောဆိုသော်လည်း နိရဉ္စရာ အနေဖြင့် လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အလားတူ အခြား ဖမ်းဆီးခံရသူများ အပါအဝင် ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍လည်း သီးခြားအတည်ပြု ချက်များ ရရှိနိုင်ရေး နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကလည်း သူတို့၏ ခေါင်းဆောင်ပိုင်း ၃ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဒေသခံ အချို့ကို ဖမ်းဆီးစစ်ဆေးနေသည်မှာ ဟုတ်မှန်သည်ဟု နိရဉ္စရာ ကို အတည်ပြုပြောသည်။

သို့သော် ဖမ်းဆီးခံထားရသူများ၏ အခြေအနေ အသေးစိတ်ကိုမူ ပြောပြ၍မရဟု သူက ဆိုသည်။

“ကျနော်ပြောပြလို့ရနိုင်တာကတော့ ကျနော်တို့ ဒီဟာတွေနဲ့ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေ ရှိနေတယ်။ ဒါပဲ ပြောပြနိုင်ပါတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးကို စစ်ကောင်စီ ပြည်ထဲရေးနှင့် ALP တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် ဖမ်းဆီးထားသူများ၏ မိသားစုဝင်များကိုလည်း ဆက်သွယ် အကြောင်း ကြားထားသည်ဟုလည်း ALP အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။

သို့သော် ဆက်သွယ်အကြောင်းကြားမှုများ လုံးဝမရှိဟု ဖမ်းဆီးခံထားရသည့် ကိုကျော်နိုင်ဦး၏အစ်မ ဒေါ်မဦးကြည် က နိရဉ္စရာကို ပြောသည်။

“သူတို့ အလကား လျှောက်ပြောနေတာ။ ဆက်သွယ်လာတာမရှိဘူး” ဟု ပြောသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ALP ရုံးထံ သွားရောက်စုံစမ်းမည် ဆိုသည်မှာလည်း ရခိုင်အချင်းချင်း ကြောက်နေ ရ၍ မသွားရဲသေးဟု ပြောသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကမူ ALP က ယခု ဖမ်းဆီးထား သူများကို ၂၄ နာရီထက် ကျော်လွန်ကာ ရဲတပ်ဖွဲ့ (သို့မဟုတ်) တရားရုံးသို့ မပို့ဘဲ ဆက်လက် ဖမ်းဆီးချုပ်နှောင် ထားပါက လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

“တရားစွဲမလား၊ သို့တည်းမဟုတ် ရဲကိုပို့မလား၊ ရဲကိုလည်း မပို့ဘဲ သူတို့အချုပ်ခန်းထဲမှာနေပြီးတော့ ဖမ်းဆီး ချုပ်နှောင်ထားတယ် ဆိုရင် ဒါကတော့ မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်သလို လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ လည်း ကိုက်ညီမှု မရှိသလို ဒါက လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ရတယ်” ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော ALP ပါတီအဖွဲ့ကွဲမှ ဒု-ဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် ၆ ဦး သည် ဇူလိုင်လ ၁ ရက်၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏ နေအိမ် မှ အနက်ရောင် အိမ်စီးကားတစ်စီးဖြင့် အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့ အရောက်တွင် အမည်မသိ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုခံခဲ့ရသည်။

ထိုသို့ ပစ်ခတ်ခံခဲ့ရ၍ ALP ပါတီ ဒု-ဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁ဝ၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း လက်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...