ဆန်စပါး သိုလှောင်ထားသူများထံမှ ဆန်စပါးများ အကြောင်းအမျိုးမျိုးပြ၍ နမခ သိမ်းယူ

ဆန်စပါး သိုလှောင်ထားသူများထံမှ ဆန်စပါးများ အကြောင်းအမျိုးမျိုးပြ၍ နမခ သိမ်းယူ

ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ စစ်သားများက ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အချို့က ဆန်စပါး သိုလှောင်ထားသူများထံမှ ဆန်စပါးများကို အကြောင်း အမျိုးမျိုးပြ သိမ်းယူနေသည် ဒေသခံ များက ပြောသည်။

မြောင်းမြ၊ ဝါးခယ်မ၊ ဘိုကလေးမြို့နယ် အတွင်းရှိ ဆန်စပါးကုန်သည်များ နှင့် ဆန်စက် ပိုင်ရှင်များထံမှ ကြိတ် ခွဲ ပြီး ဆန်များသာမက မကြိတ်ခွဲရသေးသော စပါးများကိုပါ သိမ်းယူခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ ဆန်စပါး ရောင်းဝယ်သူများက ပြောသည်။

“PDF ကို ထောက်ပံ့တယ်ဆိုပြီး ဆန်စက်ကို ချိပ်ပိတ်ပြီး ဆန်နဲ့စပါးတွေ သိမ်းယူတာရှိသလို သတ်မှတ်တာထက် ပိုလှောင်ထားတယ် ဆိုပြီး သိမ်းတယ်။ တပ်ရိက္ခာအတွက် သိမ်းတယ် ဆိုပြီး သိမ်းတာက အကြောင်း အမျိုးမျိုး ပြ သိမ်းနေတာ” ဟု ဆန်စပါး ကုန်သည်တစ်ဦး က ပြောသည်။

ပြီးခဲ့သော ဇူလိုင်လ ၂ ရက်နေ့က PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲပြီး ချိပ်ပိတ်ခံထားရသော ဘိုကလေးမြို့ ရှိ ဆန်စက်က ဆန် နှင့် စပါးတင်း နှစ်သောင်းကျော်ကို စစ်ကောင်စီတပ်မှ စစ်သားများက သိမ်းသွားသည်ဟု ယင်းဆန်စက်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ဇွန်လ ၃၀ ရက်နေ့က ဝါးခယ်မမြို့နယ်နှင့် မြောင်းမြမြို့နယ် အတွင်းရှိ ဆန်စက်အလုံး ၃၀ ခန့်က ဆန် နှင့် စပါးများကိုလည်း သတ်မှတ်ခွင့်ပြုချက်ထက် ပိုသိုလှောင်ထားသည်ဟုဆိုကာ တပ်ရိက္ခာ အတွက် သိမ်းသည် ဆိုပြီး စစ်ကား အစီး ၅၀ ခန့်ဖြင့် တင်ယူသွားသည်ဟု ဆိုသည်။

ဝါးခယ်မမြို့က မျက်မြင်တွေ့ရှိသူ တစ်ဦးက “ဆန်သယ်တဲ့ စစ်ကားတွေမှာ နတခတပ် တံဆိပ် ရေလှိုင်းပုံနဲ့ ထောက်ပို့တပ် တံဆိပ်တပ်ထားတဲ့ ကားတွေ လည်း ပါတယ်။ တခြားတပ် တံဆိပ်နဲ့ ကားတွေလည်းပါတယ်” ဟု  ပြောသည်။

တိုင်းစစ်ကောင်စီရုံး စိုက်သော ပုသိမ်မြို့နယ် အတွင်းမှာ ဆန်စပါး သိမ်းယူခံရမှုများ မရှိသေးသော်လည်း နယ်မြို့ အချို့က ဆန်စက်များနှင့် ဆန်ကုန်သည်များထံမှ သတ်မှတ်ချက်ထက် ပိုသိုလှောင်သဖြင့် စစ်ကောင်စီက ၅ ရက် အတွင်း သိမ်းယူသော ဆန်နှင့် စပါးတန်ချိန် ၃သိန်းကျော်ခန့် ရှိမည်ဟု ဧရာဝတီတိုင်း ဆန်ကုန်သည်ကြီးများ အသင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြီးခဲ့သော မေလ ၉ ရက်နေ့က ဆန် အိတ် ရေ ၁၀၀၀ (တန်ချိန် ၅၀)နှင့် စပါးတင်းအရေအတွက် ၅၀၀၀ နှင့် အထက် သိုလှောင်သူများအနေဖြင့် မှတ်ပုံ တင်ရမည်ဟု ကြေညာချက်ထုတ်ခဲ့သည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...