နီပွန်ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု ကူညီနိုင်ရေး ကြိုးပမ်းမှု NCA အဖွဲ့များကြိုဆို

နီပွန်ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု ကူညီနိုင်ရေး ကြိုးပမ်းမှု NCA အဖွဲ့များကြိုဆို

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေး နှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင် ရာ ကြိုးပမ်းဆောင်ရွက်နေမှု အပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန် ပြော ဆိုလိုက်သည်။

ထုတ်ပြန်ချက်တွင် NCA အပစ်ရပ်အဖွဲ့ (၇) ဖွဲ့အနေဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးတို့အတွက် ဂျပန်အစိုးရမှ တာဝန်ပေးအပ်ထားသည့် မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ လုပ်ငန်းတာဝန်များကို ထောက်ခံ ကြိုဆိုခြင်းဖြစ်ပြီး ပဋိပက္ခများ ကြောင့် ထိခိုက်ခံစားနေရသော မိမိတို့၏ ပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

“လောလောဆယ် နီပွန်ကလုပ်တဲ့လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ကျနော်တို့ ပူးပေါင်း လုပ်ဆောင် တာပါ။ စစ်ဘေးရှောင်တွေဆီကို နီပွန်ကပို့ပေးတဲ့ ဆန်ဆိုလည်းဆန်ပေါ့ စတာတွေကို ကျနော်တို့က ပို့ပေး တယ်။ နောက်တစ်ခုက လေးကေ့ကော်မှာ မြို့သစ်ဆောက်ပေးသလိုမျိုး အခြားနေရာတွေမှာလည်း သူတို့ ဆောက်ပေး နေတာရှိတော့ ကြိုဆိုတဲ့အကြောင်းပေါ့” ဟု ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဆက်လက်ပြီး ယခင်အစိုးရများ လက်ထက်ကတည်းက တိုင်းရင်းသားနယ်မြေအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ များနှင့် ဒုက္ခသည်များအား ကူညီပံ့ပိုးပေးနေသည့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ၎င်း၏ အဖွဲ့အစည်းကို တက်ကြွ လှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှု အပေါ် ကန့်ကွက် ရှုတ်ချကြောင်းလည်း အဆိုပါ NCA အပစ်ရပ်အဖွဲ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ရသည့်စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေး အဆင်မပြေ အခက်အခဲဖြစ်နေသည့် အချိန်တွင် ယခုကဲ့သို့ အကူအညီမျိုး လိုအပ်နေသည်ဟု NCA အပစ်အရပ် လက်မှတ်ထိုးထားသော ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဗဟိုစစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။

“လူသားချင်းစာနာမှု အထောက်အကူပြု အဲလမ်း‌ကြောင်းကနေပြီးတော့ ဒီနိုင်ငံရဲ့ တည်ငြိမ်မှုကို ရှာဖွေ မယ် ဆိုတဲ့သဘောလေ၊ ကျနော်တို့ရပ်ရွာက လူတွေအကူအညီရဖို့အတွက် ကြိုးစားရတာပေါ့” ဟု ဗိုလ်မှူးကြီး စောစိန်ဝင်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် NCA အပစ်ရပ်အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား‌ လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့က သဘောတူလက်မှတ် များရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အရင်ပူးပေါင်းဆောင်ရွက်တာတွေ၊ ရိက္ခာယူတာ တွေက အားလုံးအတူတူ ဆိုတော့ (၇)ဖွဲ့လို့ထည့်တာပါ။ ထုတ်ပြန်ချက်အတွက် RCSS (သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ) ဆီက ဆုံးဖြတ်ချက်မရသေးတော့ သေချာတဲ့ ၆ ဖွဲ့ပဲထည့်လိုက်တာ။ နောက်မှပဲ တစ်ဖွဲ့ချင်း အနေနဲ့ပါမလား၊ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ပဲ ပါမလားတော့ မသိသေးဘူး” ဟု ဆက် ပြောသည်။

ထို့အတူ မစ္စတာ ဆာဆာကာဝါ ဦးဆောင်သည့် နီပွန်းဖောင်ဒေးရှင်းသည် တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး အတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ ဆေးရုံစာသင်ကျောင်းများအပြင် NCA-EAO (၇)ဖွဲ့၏ နယ်မြေ အတွင်း ၂၀၂၂ မှ၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ခြောက်သောင်းကျော် ဖြန့်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင်လည်း ဖြန့်ဝေနိုင်ရန် စီစဉ်လျက်‌ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...