သျှမ်း - ကရင်နီပြည်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရကြောင်း KNDF B09 က ဇူလိုင်လ ၅ ရက်နေ့၌ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်လအတွင်း တိုက်ပွဲပေါင်း (၆) ကြိမ်ကျော် ဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
အဆိုပါ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေစဉ် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွား ခဲ့ကြောင်း ဆိုသည်။
“များသောအားဖြင့် ရက်ရက်စက်စက်၊ ရက်ရှည်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားတာ တွေ့ရတယ်။ တချို့လည်း သေနတ် နဲ့ သတ်ခံရတာမျိုးပေါ့။ အမျိုးသမီး အသက်ငယ်ပိုင်းတွေ၊ အလောင်းပုံ အရဆိုရင် မုဒိမ်းကျင့် သတ် ဖြတ်ထားတယ်လို့ ယူဆရတယ်“ ဟု အလောင်းသွားသယ်ယူသူ အမည်မဖော်လို သတင်းရင်းမြစ်တစ်ဦးက ပြော သည်။
အလားတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူ ၃ ဦး၊ ဘောလခဲမြို့နယ်တွင် ပြည်သူ ၁ ဦး၊ လွိုင်ကော်မြို့နယ်တွင် ၁ ဦး တို့သည် သေဆုံးခဲ့ပြီး လေကြောင်း တိုက် ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် ၁ ဦး၊ ဖာဆောင်းမြို့နယ်တွင် ၄ ဦး သေဆုံးခဲ့ရသည်။
ကရင်နီ ဒီမိုကရက်တစ် တပ်ဦး KDF မှ မစုစုက “မလုပ်သင့်တာ လုပ်တယ်လို့ပဲ ပြောချင်ပါတယ်။ တကယ်ဆို လက်နက်ကိုင် ထားတဲ့သူချင်း တိုက်တာက ကျမ တို့ အပြစ်မပြောလိုပါဘူး။ သူဦးသူပစ်ပေါ့။ လေယာဉ် နဲ့ စခန်း တွေ လာကြဲတာလည်း ကျမအနေနဲ့ လက်ခံတယ် ဒါဟာစစ်ပွဲလေ။ ဒါပေမယ့် အပြစ်မရှိတဲ့ ပြည်သူ့နေအိမ်တွေ စစ်ဘေးရှောင်၊ ပြည်သူတွေ အသက်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတော့ သူရဲဘောကြောင်တယ်လို့ မြင်မိတယ်“ ဟု ပြောသည်။
ယင်းကဲ့သို့ တိုက်ပွဲကြောင့် (ဇွန်လ) တစ်လအတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၅၀) နီးပါး သေဆုံးခဲ့ရပြီး တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်မှ ရဲဘော် ၃ ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဇွန်လ ၁၃ ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း - မြန်မာနယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် BP-13စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့ နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းအား KA၊ ကလလတ၊ KNDF တို့နှင့် အတူ ပါဝင်ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များစွာနှင့် ခဲယမ်းများကို သိမ်းဆည်းရကြောင်း ရေးသားဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နေပြည်တော် နှင့် နီးစပ်သည့် ဒေသဖြစ်သော ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့ နယ်များကို စစ်ကောင်စီက ထိန်းချုပ်စေလိုသောကြောင့် အဆိုပါ ဒေသ၌ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြင်းအထန် နှိမ်နှင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။