ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၉၇ စခန်းရှေ့၌ လက်နက်ကြီးကျရောက်၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွင် မိန်းကလေး ၂ နှစ်ဦးနှင့် ယောက်ကျားလေး ၂ဦး ထိမှန် ဒဏ်ရာရရှိပြီး အသက် ၅၂ နှစ်အရွယ် ဦးစိုးမြင့်ဆိုသူမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့၊ ညနေ(၅) နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်သေဆုံးမှု အပြင် ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးသွားသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “အိမ်ရှေ့ပလက်ဖောင်းမှာကျတာ ကျား၂ ယောက်၊ မ ၂ယောက်ထိတယ်။ အသက် ၅၂နှစ် ဦးစိုးမြင့်က ပွဲ ချင်းပြီး သေဆုံးတယ်။ မိန်းမတစ်ယောက်က ဗိုက်ပေါက်ပွင့်သွားတာ၊ ဖားအံဆေး ရုံပို့လိုက်ပြီ။ ကျန်တဲ့ကျား တစ်ယောက်နဲ့ မိန်းမတစ်ယောက်က ဒဏ်ရာ ဆိုးဆိုးဝါးဝါးမရှိဘူး။ ဆိုင်ကယ် နှစ်စီးမီးလောင်သွားတယ်။ လိုင်စင်ကား တစ်စီးမှန်ကွဲသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်ခြင်းဖြစ်နိုင်သလို လှိုင်ဝ စစ်ကောင်စီအမြောက်ကုန်းမှ လှမ်းပစ်ခတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆို ကြသည်။
“တချို့ကလည်း လှိုင်ဝကပစ်တယ်။ တစ်ချို့ကလည်း ဒရုန်းနဲ့လာပစ်တယ်ပြောတယ်။ မနေ့က ဒရုန်း လာတာ မတွေ့ဘူး။ စစ်ကောင်စီကလက်နက်ကြီးပစ်တာ တစ်ခါတစ်လေမြို့ဘက်ကျတယ်။ နည်းနည်း ဖြစ်ရင် မြို့ထဲ ကျတာ သူတို့ (စစ်ကောင်စီ)ဟာတွေ ဆိုတော့ သူတို့ပဲ သူများ သိပ်မယုံသလိုဖြစ်တယ်”ဟု အခြား မြို့ခံတစ်ဦးက ပြောသည်။
မြို့တွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာန အနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အလျင်းသင့်သလို ဝင်ရောက်ပစ်ခတ်လေ့ရှိနေသည့် အပြင် စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများ နှင့် အမြဲလိုလို ပစ်ခတ်လေ့ရှိသည်။
ထိုသို့ ပစ်ခတ်နေမှုကြောင့် မကြာခဏဆိုသလို အရပ်သားပြည်သူများနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများထဲ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲလေ့ ရှိပြီး ထိခိုက်သေဆုံးမှုနှင့် နေအိမ် အဆောက်အအုံများ ထိမှန် ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။