စစ်ကောင်စီ တပ်ကုန်းမှ လက်နက်ကြီးများကြောင့် အရပ်သား ထိခိုက်မှုများ ရှိနေ

စစ်ကောင်စီ တပ်ကုန်းမှ လက်နက်ကြီးများကြောင့် အရပ်သား ထိခိုက်မှုများ ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲ စစ်ကောင်စီလက်နက်ကြီးကုန်းက လက်နက်ကြီးများနှင့် နေ့စဉ် ရက်ဆက် ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် ဒရုန်းမှနေလည်း စောင့် ကြည့်မှုများကြောင့် အချို့ရွာသားများ ပြောင်းရွှေ့မှုများ ရှိနေလာနေသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လဆန်းပိုင်းမှ စတင်ကာ အင်းတော်မြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဘက်က နဘား၊ ကမ်းနီနှင့် အနီးအနားရှိ ကျေးရွာများ ဘက်သို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

“လက်နက်ကြီးနဲ့ ပစ်နေတာတော့ နေ့တိုင်းပဲဗျ။ ၂၂ ရက်နေ့ နောက်ပိုင်းကပြီး လက်နက်ကြီးတဲ့ ပစ်နေတဲ့အပြင် ဒီဒရုန်းတွေနဲ့လည်း မြို့ကို ပတ်ကြည့်နေတာမျိုးတွေလုပ်နေတယ်။ အင်းတော်မြို့ အနီးအနားမှာတော့ တိုက်ပွဲ ဖြစ်တာမျိုးမရှိဘူး။ သူတို့ ပစ်ချင်လို့ တမင်ကိုရမ်းသမ်းပစ်နေတာမျိုးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ပစ်ခတ်မှုများထဲ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အင်းတော် လက်နက်ကြီးကုန်းကနေလေ၊ ၂၁ ရက်နေ့ကော၊ ၂၂ ရက်နေ့ကော။ ၂၁ ရက်နေ့က ထုတာတော့ ကားလမ်းပေါ်ကိုကျတာ။ အဲ့ဒါကတော့ အမျိုးသားတစ်ယောက်ထိတယ်။ သုံးဘီးမောင်းနေတာပေါ့၊ သူက ပင်ဝယ်က။ ၂၂ ရက်နေ့ကိုက ကမ်းနီးရွာကိုကျတယ်။ လယ်ထဲကိုကျတာ။ အမျိုးသမီးနဲ့ ကလေး၊ အမျိုးသမီး က ၂၀ ကျော် ကလေးက ၅ နှစ်ရွယ်။”

ပြင်းပြင်ထန်ထန် ထိခိုက်ဒဏ်ရာ ရသွားခြင်းဖြစ်သည့်အတွက် စိုးရိမ်ရသည်ဟု ဆိုသည်။ ကမ်းနီကျေးရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အပြင် အခြားကျေးရွာတစ်ရွာက အမျိုးသားတစ်ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ဒေသခံအမျိုးသားက “ဆေးရုံပို့လိုက်ပြီလို့ပြောတယ်။ သေတာမသေတာတော့ မသိသေးဘူး။ ကသာဆေးရုံ တော့ ပို့လိုက်ပြီ။ အိမ် တွေကိုလည်း ရှောင်ခိုင်းထားတယ်လေ။ အထုပ်ကလေးတွေနဲ့ အခုက” ဟု ပြောသည်။

ဇွန် ၂၁ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်တွင် အင်းတော် လက်နက်ကြီးကုန်းမှ နဘားကျေးရွာဘက်ကို လက်နက် ကြီးနှင့်  ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားလမ်းဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပင်ဝယ်ကျေးရွာက သုံးဘီး မောင်းသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် ထိမှန် ဒဏ်ရာရသွားသည်။

ထို့အပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီဘက်က နဘားကျေးရွာဘက်ကို အကြောင်းမဲ့ လက်နက်ကြီး နှင့် ဆက်လက် ပစ်ခတ်ခဲ့၍ ကမ်းနီကျေးရွာအနီး‌ လယ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ လယ်ထဲရှိ ၅ နှစ် အရွယ် ကလေးတစ်ဦးနှင့် အသက် ၂၀ ကျော်အရွယ် မိခင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အင်းတော်မြို့ထဲ တိုက်ပွဲများ ဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများက တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ဒေသခံတစ်ဦးက “သူက လက်နက်ကြီး ပစ်နေလို့ မှန်မှာစိုးလို့ ရှောင်နေကြတာမျိုး ဟုတ်တယ်။ လက်နက်ကြီး က ရမ်းရမ်းပစ်နေတာ။ ရမ်းရမ်းပစ်နေနတာက တခြားကြောင့်မဟုတ်ဘူး ဒီနဘားလမ်းဆုံဘက်မှာ PDF တွေ ရောက်နေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ၊ ဟိုမှာ ကောလဟာလ၊ ဒီမှာကောလဟာလ ပေါင်းစုံကြောင့် သူတို့ရမ်းပြီး ပစ်တာ။ ရမ်းပစ်တော့ ထိခိုက်မှုတွေရှိလို့ ကျေးရွာတွေက ပြေးရတာပေါ့ဗျာ၊ တိုက်ပွဲဖြစ်လို့ မဟုတ် ဘူး။ ရွာတွေဘက်ကို တည်ပြီးပစ်လို့ဗျ” ဟု PDF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားခြင်း ဖြစ်ပြီး ည ၆ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခွင့် မရှိပေ။ ထိုသို့ အင်းတော်မြို့ထဲ ဖြတ်သန်းသွားခွင့်မပြုသောကြောင့် အဝေးပြေး ခရီးသည်တင်ကားကြီးများက နဘားလမ်းဆုံမှာပဲ ညအိပ်နားနေကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ယခုနှစ်အစောပိုင်း ဇန္နဝါရီလတုန်းကလည်း အင်းတော်မြို့နယ်ထဲကို စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဂဲဟယ်၊ ကျော်ရွာ၊ နန်းနောင် အစရှိသည့် ကျေးရွာများမှ ဒေသခံ ၇၀၀ ကျော်မှာ နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...