စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး
ဓာတ်ပုံ - Free Burma Rangers
ဓာတ်ပုံ - Free Burma Rangers

ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ Free Burma Ramger တည်ထောင်သူ David Eubank က ၎င်းရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

ဖားဆောင်းမြို့နယ်ထဲက ရွာကို မနေ့က (ဇွန်လ ၂၅ ရက်) နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

David Eubank က ၂၅ ရက်နေ့ညနေပိုင်းမှာ တင်ထားတဲ့ သူ့ရဲ့ မှတ်တမ်းဗီဒီယိုမှာ “လေယာဉ်ဗုံးကြဲခဲ့တဲ့ နေရာနဲ့ တစ်နေရာထဲပဲ။ နန်းကစ်ပေါ့။ ပြီးတော့ အိမ်တွေမီးလောင်သွားတယ်။ သူတို့ လေယာဉ်နဲ့ ပစ်လိုက်တဲ့ ကျည် တွေနဲ့ ပစ်လိုက်တဲ့ဒုံးကျည်တွေကြောင့် မီးတွေထလောင်တာဖြစ်မယ်။ ဒီဘက်မှာ အိမ်တွေပျက်စီးတယ်။ ဘုရား ကျောင်းတွေပျက်တယ်။ လမ်းမပေါ်မှာ ရွာသား ၄ ယောက်အသတ်ခံရတယ်။ ဒီ ၂၅ ရက်နေ့ ဇွန်လ ၂၀၂၃ ကရင် နီပြည် ဖားဆောင်းမှာ ဖြစ်ခဲ့တာပါ” လို့ ပြောထားပါတယ်။

ကျေးရွာတစ်ရွာတည်းကိုပဲ လေယာဉ်လာရောက်ပစ်ခတ်ခဲ့ပြီး မီးလောင်မှုရှိခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ပြောဆိုပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာတော့ အဆိုပါ သေဆုံးခဲ့တဲ့ အမျိုးသား ၄ ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ် သင်္ဂြိုလ်ခဲ့ ကြပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖားဆောင်းဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဖားဆောင်း သံလွင်တံတားထိပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုးတော့ မရှိသေးပါဘူး။

လက်ရှိ တိုက်ပွဲတွေကြောင့် ဖားဆောင်းမြို့ပေါ် နဲ့ အနီးအနားကျေးရွာက ဒေသခံ ၆၀၀၀ ကျော်ဟာ ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖားဆောင်းမြို့အပြင် ကရင်နီပြည်နယ်ထဲ ရွာသစ်မြို့အနီးကိုလည်း ဇွန်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မျိုးမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကြဲချတာကို ရွာထဲကနေ လှမ်းမြင်ရတာ။ ၆ နာရီ ထိုးခါနီး လာချတယ်။ ၆ လုံးလောက်။ အထိအခိုက်တော့ ဘာမှ ကြားရသေးဘူး။ ရွာသစ်မြို့အပြင်ဘက်မှာ။ မနေ့ကတော့ ပစ်ကြတယ်။ စစ်ကြောင်းထိုးလာလို့။ ဒါပေမယ့် လေယာဉ်ပစ်ချတဲ့နေရာနဲ့ ဝေးပါတယ် မိုင်အနည်းငယ်လောက်ပေါ့။ လေယာဉ်နဲ့ ပစ်ချပြီးနောက်ပိုင်း ဆက်တိုက်ထုနေတယ်။ လက်နက်ကြီးကော၊ လက်နက်ငယ်ကော” လို့ ရွာသစ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွာသစ်မြို့ရဲ့ အနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပေမယ့် ရွာသစ်မြို့ထဲမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် လေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်ထိတ်လန့်ကြပြီး ကြိုတင်တိမ်းရှောင်နေကြသူတွေ ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ကရင်နီပြည်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းခွဲကျော်အထိ ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွင်းကို ခိုလှုံလာတဲ့ စစ်ဘေးရှောင်လူထု သုံးထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

Most read this week

November 7, 2024
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ...
November 7, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့...
November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...