လက်နက်ကိုင်တပ်ဖွဲ့တွေကြား ညီညွတ်မှုနဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ဖို့လိုတယ်လို့ KNPP ပြော

လက်နက်ကိုင်တပ်ဖွဲ့တွေကြား ညီညွတ်မှုနဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ဖို့လိုတယ်လို့ KNPP ပြော

ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်ကြဖို့ လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အတွင်းရေးမှူး - ၁ ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်၊ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊  ဖြစ်ပေါ်တိုးတက်မှု နဲ့ ပတ်သက်ပြီး "ပူးတွဲသတင်းစာရှင်းလင်းပွဲ"မှာ  မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ်  ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ပထမဦးဆုံးကျနော်တို့ ပြောင်းလဲချင်တဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ကိုသွားတဲ့ အခါမှာ ပထမဦးဆုံး ရှင်းလင်းရမှာက အကြမ်းဖက်စစ်တပ် ချုပ်ငြိမ်းရေးပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ ကြားထဲမှာ အားလုံးက အတူတကွ လျှောက်လှမ်းကြဖို့တော့ လိုပါတယ်လို့ ကျနော်ပြောချင်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်က လူဦးရေ သုံးသိန်းခန့်သာရှိပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၇ဖွဲ့ထက်မနည်း ရှိလာပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်ကတော့  လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့ ထက်မနည်း ရှိနေပြီးသားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက်နေ့ ၂၀၂၄ ခုနှစ် မှာပဲ ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းလိုက်ကြောင်းကို KNA ကထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံ‌‌ရေးဦးတည်ချက်၊ မျှော်မှန်းချက်တွေကတော့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်‌ရေး” တစ်ခုသာဖြစ်ကြပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ များလာတာကြောင့် ကရင်နီလူထုတွေအတွက် မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ရတယ်လို့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဥ်ကို အလွှဲသုံးစားလုပ်မှာကိုကြောက်တယ်ပေါ့နော။ ပြည်သူတွေရဲ့ အသံတွေ ပြည်သူတွေရဲ့ ဆန္ဒတစ်ကယ် ဘယ်လိုရှိလဲဆိုတာ သူတို့ တစ်ကယ်ရောနားထောင်ပါ့မလား။ သူတို့ဖြစ်ချင်တာပဲ လုပ်သွားမယ့် အဖွဲ့အစည်းမျိုးလား‌ပေါ့။  လက်ရှိမှာ ပြည်သူတွေကလည်း ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အချိန်မှာ တခြားသောပြဿနာပေါ်လာမှာကိုလည်း မလိုလားကြဘူးပေါ့နော အဓိက ဒါတွေကို စိုးရိမ်တာတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ကရင်နီပြည်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကျယ်ပြန့်စွာလက်နက်ကိုင်ဆောင်ထားခြင်းကြောင့် ပုဂ္ဂိုလ်ရေးအရ နှစ်ဦးနှစ်ဖက်ကြားပြဿနာဖြစ်ပွားပြီး သေနတ်နဲ့ပစ်သတ်ခံရမှုဖြစ်စဉ်ကလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ ရှိလာတာကြောင့် ကရင်နီလူထုတွေ ကြောက်လန့်ခဲ့ရပါတယ်။

Most read this week

ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်က ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ်။
January 23, 2025
ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့...
January 21, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသခံတွေ ပြန်လာနေခြင်းမရှိတဲ့ နေအိမ်တွေကို...
January 18, 2025
ဓါတ်ပုံ – KnHRG တိုက်ပွဲ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့...