နတ်သံကွင်းတွင် မသင်္ကာမှုဖြင့် အမျိုးသား (၇)ဦး ထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီးထား

နတ်သံကွင်းတွင် မသင်္ကာမှုဖြင့် အမျိုးသား (၇)ဦး ထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီးထား

ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းတွင် စစ်ကောင်စီနှင့် တော် လှန်ရေး အင်အားစုများတို့ကြား ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့ တိုက်ပွဲ နောက်ပိုင်း အမျိုးသား (၇) ဦး ထက်မနည်းကို မသင်္ကာမှုဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေး ဘူးဟု နီးစပ်သူများက ပြောသည်။

အဆိုပါ အမျိုးသားများအား စစ်ကောင်စီက တော်လှန်ရေး အင်အားစုများနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခုအချိန်ထိ မိသားစုများနှင့်တွေ့ခွင့်မရဘဲ ညောင်လေး ပင်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဖမ်းခံရတာအကုန် ဒေသခံတွေချည်းပဲ သူတို့စွပ်စွဲသလိုမဟုတ်ဘူး။ အမျိုးတစ်ယောက် သွားတွေ့တာ လည်း တွေ့ခွင့်မပေးဘူး။ ပြီးတော့ အဲဒီထဲက ဒေသခံ တစ်ယောက်၊ နှစ်ယောက်ကို စစ်မေးတဲ့နေရာမှာ သဲနဲ့ မျက်စိကိုပက်ပြီး လက်ဖဝါးနဲ့ ပွတ်တယ်လို့ ကြားတယ်။ ကျနော်တို့လည်း မြို့ထဲ အရင်လိုမသွားရဲတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် နတ်သံကွင်းမြို့တွင် လေကြောင်း အသုံးပြုတိုက်ခိုက်ခံရသည့် အဆိုပါနေ့ကတည်းက စစ်ဘေးတိမ်း ရှောင် သွားကြသော ဒေသခံအများစုမှာ လက်ရှိအချိန်ထိ နေရပ်ကို ပြန်မနေရဲကြသေးဘဲ မြို့အတွင်း စစ်ကောင် စီတပ်များက ပြန်လည်နေရာယူထားပြီး စစ်ဆေးရေးတင်းကြပ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့ထဲမှာ စက်ပစ္စည်းမပြောနဲ့ ကြက်တွေ၊ ဘဲတွေ ပါ ခိုးခံရတယ်။ စစ်ရှောင်သူအများစုက အိမ်ကိုအခြေအနေ ပြန်ကြည့်တာပဲရှိတာ ပြန်အိပ်မရဲဘူး။ အခုလူတွေလည်း ဖမ်းနေတော့ မြို့ကအရင်လိုမစည်တော့ဘူး” ဟု အမည်မဖော်လိုသောဒေသခံတစ်ဦးက ဆိုသည်။

ထို့အတူ နတ်သံကွင်းတိုက်ပွဲအတွင်း ကျောက်ကြီး - နတ်သံကွင်း တံတားမပျက်စီးမီ ပြီးခဲ့သည့် မေလ ကလည်း တံတားရှိ လမ်းမီးတိုင်များထူရန်နှင့် ပြုပြင်ရန်ဟုဆိုကာ ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးခဲ့သလို ကျေးရွာများတွင်လည်း အလှည့်ကျစနစ်ဖြင့် ခေါ်ယူခိုင်းစေခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုများဖြစ်သော နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လေကြောင်းဖြင့် လည်းကောင်း၊ လက်နက်ကြီး ငယ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်လက်ကျုးလွန်လျက်ရှိသည်။

ထို့သို့ ကျူးလွန်နေသောကြောင့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ သာမက ပြည်သူတစ်ရပ်လုံးကပါ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပူးပေါင်းဆန့်ကျင်ကြရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီကလည်း ဇွန်လ (၁၀) ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...