အွန်လိုင်း ပုံများကြောင့် အမျိုးသမီး လေးဦးကို ရေတပ် ဖမ်းဆီး

အွန်လိုင်း ပုံများကြောင့် အမျိုးသမီး လေးဦးကို ရေတပ် ဖမ်းဆီး

ပန်းသပိတ်ဆင်နွဲသည်ဟု ဆိုကာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အမျိုးသမီး ၄ ဦးကို မောရ ဝတီရေတပ်က လာရောက်ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဒေါ်နှင်းမြင့် အသက် ၄၅ နှစ်၊ ဒေါ်စုဝေ အသက် ၄၁ နှစ်၊ ညီအမတော်စပ်သည့် ဒေါ်မီးလေး အသက် ၃၉ နှစ်နှင့် ဒေါ်မီးချို အသက် ၃၇ နှစ်တို့ ဖြစ်ကြသည်။

အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ တုန်း က ပန်းသပိတ်လုပ်ပြီး အွန်လိုင်းပေါ်ကိုတင်ထားတဲ့ ပုံတွေကိုပြပြီး လာဖမ်းတာလို့ သိရတယ်” ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က မောရဝတီရေတပ်မှ ဖောင်းတောကျေးရွာသို့ ကား ၃ စီးဖြင့် ရောက် လာပြီး ဖောင်းတောကျေးရွာမှ အမျိုးသမီးလေးဦးကို နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးပြီးနောက် ည ၁၁ နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြသည်။

လာရောက်ဖမ်းဆီးစဉ်က ဖောင်းတောကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်တပ်ထောက်ခံသူ အချို့လည်း ပါဝင်သည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဒေါ်စုဝေသည် စစ်တပ်က အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင် ညီမဖြစ်သူနှင့် အတူ စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းကို ခံရဖူးသေးသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးလေးဦးကို အုန်းပင်ကွင်းကျေးရွာ၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီး စစ်ဆေးနေပြီး ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရရှိသေးသဖြင့် စိုးရိမ်နေကြ သည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်ကလည်း ကံပေါက် ကျေးရွာ သီရိမင်္ဂလာရပ်ကွက်မှ ရင်ခွင်သစ်(ECCD) ပုဂ္ဂလိက မူကြို ကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားခဲ့သေးသည်။

ကံပေါက်ဒေသ၌ ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့တို့ နှစ်ရက်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးခံနေရသူ ၆ ဦး အထိရှိနေပြီး တစ်ဦးမျှ ပြန်လည်လွတ်မြောက်လာသေးခြင်း မရှိသေးပေ။

ဧရာဝတီ၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးစသည့် တိုင်းဒေသကြီးအပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ် ပြုသည့် အနေဖြင့် ပန်းသပိတ်လုပ်ကြဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုထားသည့် အတွက် ထိုနေ့က ပန်းပန်ထားသူများ၊ ပန်းကိုင်ဆောင်ပြီး သွားလာခဲ့သူများ၊ ပန်းရောင်းသူများအပြင် ပန်းပျိုးပင် ဝေပေး သူများကို စစ်တပ်က ဖမ်းဆီးခဲ့ရာ နိုင်ငံတဝှမ်း လူပေါင်း ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာ အချို့ရှိသော်လည်း အချို့မှာမူ ယနေ့အချိန်ထိ ပြန်မလွတ် လာသေးဘူးဟု ၎င်းတို့၏ မိသားစုဝင်များကပြောသည်။ ဖမ်းဆီးခံထားရသူများအနက် အချို့မှာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည်။

စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်က ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ပန်းသပိတ်နှင့် လူထုလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်း တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ပန်းသပိတ်ကို ၂၀၂၂ ခုနှစ်တုန်းကလည်း နိုင်ငံတဝှမ်း လုပ်ဆောင်ခဲ့ကြသေးသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...