ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား သည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၂၂ ရက်နေ့ ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးရဲနိုင်အောင် ဆိုသူ ဖြစ်သည်။

ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးရဲနိုင်အောင်သည် ဆိုင်ကယ်ဖြင့် ကျိုက်ပိကျေးရွာသို့ အသွား ကျိုက်ပိကျေးရွာ၊ ကျိုက်ပိတောရကျောင်းရှေ့ အရောက်တွင် အမည်မသိ သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း ဦးရဲနိုင်အောင်သည် ရင်ညွန့်ကျည် ဖောက်ဝင် ဒဏ်ရာ နှစ်ချက်၊ ယာလည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာပါး ကျည်ဖောက် ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်းအောက် ကျည်ဖောက် ဝင် ဒဏ်ရာတစ်ချက်နှင့် ဝဲနားထင် ကျည်ဖောက် ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့‌သည်။

သေနတ်သမားများက ဦးရဲနိုင်အောင်ကို ပစ်ခတ်ပြီးနောက် ကြာဖြူကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေး သွားသည်ဟု မြိုခံများက ပြောသည်။

ဦးရဲနိုင်အောင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများအား ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း မြို့ခံများက ဆိုသည်။

ဦးရဲနိုင်အောင်သည် အပြစ်မဲ့ ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်နေသည့် အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူ ဦးရဲနိုင်အောင်၏ ရုပ်အလောင်းကို လူမှုကူညီ ကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ကျိုက်ထို ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ဌာနဆိုင်ရာ ဝန် ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီဝင်များ သတ်ဖြတ်ခံရသည့်ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားနေ သည့်အပြင် အရပ်သား သတ်ဖြတ်ခံရသည့်ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

November 7, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း ဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ...
November 7, 2024
မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...