ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန် နှစ်ဘက်ရုံးများ ကို စီးနင်းပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေကြပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက် ၃ ရှိ KIO/KIA ၏ အုပ်ချုပ်ရေးမှူးရုံး စီးနင်းပစ်ခတ်ခံခဲ့ ရပြီး ၃ ဦးသေ၊ ၂ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖားကန့် ဒေသခံတစ်ဦးက “မနေ့ည ၁၀နာရီနောက်ပိုင်းကဖြစ်မှာ ဆိတ်မူ ရပ်ကွက် ၃ မှာဖြစ်တာ။ KIA အုပ်ချုပ် ရေးရုံးပေါ့။ ဖမ်းဆီးခံရတာတွေကြားတယ်။ အတိကျတော့ မပြောတက်ဘူး။ ပါတာပါသွားတယ်။ ၃ ယောက် တော့ သေတယ်။ ဒဏ်ရာရတာ ၂ ယောက် ပစ်ခတ်ပြီးတော့ ဝင်စီးတာ။ လက်ရှိအခြေအနေတော့ ငြိမ်နေတယ်” ဟု ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ပြောသည်။
စစ်တပ်က ထိုသို့ ပစ်ခတ်ဝင်စီးပြီးနောက် KIO/KIA ရုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြော သည်။
ထို့အပြင် အနီးအနားရှိ ဒေသခံပြည်သူများအားလည်း အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည်ဟု ဆိုင်း တောင် ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်းတောင်က မြို့နယ်မှူးရုံး ဒီကပြဿနာတွေကို ရှင်းလင်းတဲ့ရုံးကို သိမ်းတာတင်မကဘူး။ မီးတောင်ရှို့ လိုက်ပြီ။ အကုန်လုံး မီးရှို့ဖျက်ဆီးလိုက်ပြီး အဲ့အနီးတဝိုက်က လူတွေကော ဖမ်းခေါ်သွားတဲ့ဟာ ရှိတယ်။ ပစ်သတ်သွားတဲ့ ဟာလည်း ရှိတယ်။ အဲ့နားတဝိုက်က လူတွေ အကုန်လုံး ဘယ်မှ မထွက်ခိုင်းဘူး။ ပိတ်မိတဲ့ လူတွေကောရှိတယ်။ ဝန်ထမ်းတွေကော အဖမ်းခံရတယ်။ အရေအတွက်တော့ မသိရသေးဘူး။ တော်တော် များများတော့ ဖမ်းသွားတယ်လို့ ပြောတယ်” ဟု ဆိုင်းတောင်ဒေသခံက ပြောသည်။
ဇွန်လ ၂၁ ရက်နေ့ ဆိုင်းတောင်ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူများ ရှိပြီး ယနေ့အချိန်ထိ ၎င်းတို့၏ နောက်ဆုံး အခြေအနေကို မသိရသေးဘူးဟု ဆိုကြသည်။
အလားတူ ဇွန်လ ၂၁ ရက်နေ့က ကချင်ပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် မိုးညှင်းမြို့နယ်ရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။
“ကျမတို့ မိုးညှင်းမှာ ဒီ လူရည်ချွန်ဆိုတဲ့ ကိုယ်ပိုင်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းရှေ့ကနေ လူနှစ်ယောက်က လာ ပစ်သွားတာပါ။ အဲ့လူတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာဟုတ်တယ်နော်။ ဆက်တိုက် သုံး-လေးချက် ပစ် သွားတာ။ ရဲစခန်းအထဲထိ ထိတယ်။ အားလုံးလည်း လန့်ပြီး အိမ်ထဲပြေးဝင်ကြတာပေါ့” ဟု ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မသိရသေးဘူးဟု ဆိုသည်။
ထို့အပြင် ဇွန်လ ၂၀ ရက်နေ့တုန်းကလည်း ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ကားများကို တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
အလားတူ ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်း မာနေပြီး လမ်းအချို့ကို ပိတ်ထားဆဲဖြစ်လို့ ဒေသခံများ အခက်တွေ့နေကြသည်။
ပစ်ခတ်မှု၊ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်ထဲ မေလ ၁၂ ရက်နေ့ကလည်း ဆိုင်းတောင် ကျေးရွာတွင် KIA အရာရှိတစ်ဦး နှင့် ဟိုတယ် ဝန်ထမ်း ၂ ဦးကို စစ်တပ်က ပစ်သတ်ခံခဲ့သေးသည်။