ခင်ဦး မြို့နယ်တွင် စစ်ကောင်စီ က တစ်ရွာဝင် တစ်ရွာထွက် မီးလိုက်ရှို့

ခင်ဦး မြို့နယ်တွင် စစ်ကောင်စီ က တစ်ရွာဝင် တစ်ရွာထွက် မီးလိုက်ရှို့
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ (ပုံဟောင်း)
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာများကို စစ်ကောင်စီတပ်က ဇွန်လပထမပတ်မှာ ယခု တတိယပတ်ထိ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်ထဲက သရက်ကုန်း၊ အရာတော်၊ သာဂရ၊ ရေအေးကုန်းနှင့် အခြားသော ကျေးရွာများထဲ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အရ်သားနေအိမ်များက မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း အရာတော်နှင့် သရက်ကုန်းကျေးရွာက နေအိမ်အချို့ကို အင်အား ၁၅၀ ကျော်ပါ သည့် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ရာ နှစ်ရွာပေါင်း နေအိမ် ၁၀လုံးခန့် မီးလောင်ပျက်စီးခဲ့သည်။

“အင်အားက ၁၅၀- ၂၀၀ လောက်ရှိတယ်။ ခင်ဦးမြို့နယ်ထဲက သရက်ကုန်းကို မီးရှို့တယ်။ အိမ်ခြေကတော့ ၄ - ၅ အိမ်တော့ ရှို့ခံရတယ်။ ကျနော်တို့ ရွာလည်း ရှို့ခံရသေးတယ်။ အရာတော်ကတော့ ရှို့ခံရတယ်။ ၃ အိမ် မီး လောင်သွားတာပါ။ ၁၈ ရက်နေ့က ရှို့ခံရတာ။ စစ်တပ်က သရက်ကုန်းနဲ့ ပျဉ်တောင်ကြားမှာ ရှိနေတုန်း။ တစ်ရွာ ဝင်တစ်ရွာထွက် လိုက်ရှို့နေတာ” ဟု အရာတော် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာ အိမ် ၃၃ လုံးကို ၅ ကြိမ်မြောက်အဖြစ် မီးရှို့ဖျက်ဆီးသွားသည့်အပြင် သာဂရကျေးရွာထဲက နေအိမ် ၆ လုံးကို ၄ ကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက် ဆီးခဲ့သည်။

စစ်ကောင်စီ တပ်၏ အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသည့် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ခင်ဦးမြို့ပေါ်မှ ရေဦး-ခင်ဦးကားလမ်းဘေးရှိ လယ်ကွင်းများအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်  ထိတွေ့တိုက်ပွဲဖြစ်ပွားကာ အထိနာခဲ့ပြီးနောက် ကံသစ်ကျေးရွာထဲက နေအိမ်များကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

ကံသစ်ကျေးရွာအတွင်း လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ပြည်သူပိုင်နေအိမ် ၃၃ လုံးကို (၅)ကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထား သည်။

ထိုနေ့တွင်ပင် ကံသစ်မှ သာဂရကျေးရွာဘက်ကို ဝင်သွားပြီးခဲ့ကြသည်။ ဇွန်လ ၁၅ ရက်နေ့ သာဂရ ကျေးရွာမှ အထွက်တွင် ရွာထဲက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုလေ့ကျင့်ရေး (၈) တပ်က ရေအေးကုန်းကျေးရွာမှ သိုးနှစ်ကောင်နှင့် ဝက်တစ်ကောင်း သတ်စားခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ် ၄ လုံးနှင့် စာသင်ကျောင်းဆောင် တစ်ဆောင်အား မီးရှို့ဖျက်စီးကာ နွား၊သိုး အကောင် ၇၀ ကျော် ခိုးယူပြီး ဖိုလ်ကုန်းပျူကျေးရွာသို့ မောင်းသွားကြ သည်ဟု ဆိုသည်။

ရေအေးကုန်းကျေးရွာအား မီးရှို့ခဲ့သည့် အဆိုပါ စစ်ကြောင်းသည် ရွှေဘိုလေ့ကျင့်ရေး ၈ တပ်က ဖြစ်ပြီး ထိုစစ်ကြောင်းမှာ ဇွန်လ ၆ရက်နေ့ကလည်း မိုးနတ်ကျေးရွာမှ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးလျက်ရှိနေပြီး ဇွန်လ ၉ ရက်နေ့တွင် ခင်ဦးမြို့ပေါ်မှ သံဘိုကျေးရွာတောင်ဘက် ရွှေမိုးညိုဘုရားမှ တစ်ဆင့် ရေအေးကုန်းကျေးရွာထဲသို့ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ထိုသို့သော အခြေအနေများကြောင့် သံဘို၊ ချောင်းဆုံ၊ ရေအေးကုန်း၊ ကျီးကန် စသည့်ကျေးရွာများက ဒေသခံ ၃၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအက်လျက်ရှိနေ သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၆ ရွာမှ နေအိမ်ပေါင်း ၆၀၀၀ ကျော် ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့မှုတို့ကြောင့် မီးဘေးသင့်ပြည်သူပေါင်း ၃သောင်းကျော်ရှိလာနေပြီး နေ့စဥ် နှင့်အမျှ အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ကူညီပေးနေသူများက ပြောသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...