စစ်ရေးနည်းနဲ့ ငြိမ်းချမ်းရေး မရနိုင်ကြောင်း KIO က ထပ်မံပြောဆို

စစ်ရေးနည်းနဲ့ ငြိမ်းချမ်းရေး မရနိုင်ကြောင်း KIO က ထပ်မံပြောဆို
by -
ဇော်ကြီး

လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား စစ်ရေးအရ ဆက်လက်ဖြေရှင်းသွားပါက ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ဟု အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပွဲတွင် KIO ကပြောဆိုလိုက်သည်။

nmg-news-pt-02တရုတ်မြန်မာ နယ်စပ် ရွှေလီမြို့တွင် နို၀င်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းအချိန်က နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ၏ သဘောထားအမြင် ပါရှိသည့် အချက်(၃) ချက်ကို KIO ဥက္ကဌ ဦးဇောင်းခရားက လက်မှတ်ရေးထိုး၍ တင်ပြခဲ့သည်။

KIO အဖွဲ့ တင်ပြသည့် အချက်(၃)ချက်၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကချင် လူမျိုးများ နေထိုင်ရာ ဒေသများတွင် ဖြစ်ပွားနေသည့် ပြဿနာ အရင်းခံများသည် နိုင်ငံရေးကြောင့် ဖြစ်ပွားခြင်း ဖြစ်သဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့် စစ်ရေးနည်းအရ ဆက်လက်ဖြေရှင်းပါက ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ရေးသားထားသည်။

ထို့အပြင် KIO အဖွဲ့၏ လိုလားချက်များအား ကချင်ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်နှင့်တွေ့ဆုံစဉ် အပြည့်အစုံ တင်ပြပြီး ဖြစ်သလို နို၀င်ဘာလ(၁၅) ရက်နေ့က KIO ဥက္ကဌမှ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ ပေးပို့သည့် စာ၌လည်း ထပ်မံ တင်ပြထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ၂၀၁၁ ခုနှစ် နို၀င်ဘာလ (၁၉) ရက်နေ့က KIO ဒု ဥက္ကဌ ဦးအင်ဘန်လ ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရဘက်မှ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့တို့ ထိုင်းနိုင်ငံ တွေ့ဆုံပွဲ၌လည်း ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ယင်းကိစ္စများ မှန်ကန်ကြောင်းနှင့် ဆွေးနွေးပွဲ အသေးစိတ် အချက်အလက်များကို မသိရသေး ကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“တကယ့် ပြဿနာကို ပြေလည်နိုင်တဲ့ ကိစ္စတော့ နိုင်ငံရေး ဆွေးနွေးရမယ်ဆိုတဲ့ ဟာကို ကျနော်တို့က အမြဲတန်း လိုလားတယ်ဆိုတဲ့ အချက်ရယ်၊ တွေ့ဆုံဆွေးနွေးမှု ဆိုတဲ့ အချက်ကို ကျနော်တို့က အမြဲတန်း ကြိုဆို လက်ခံတယ်ဆိုတဲ့ အချက်ကို ပြချင်တဲ့ အနေနဲ့လည်း ပါပါတယ်။ အဲဒါကြောင့်မို့ ဗဟိုကော်မတီ ဥက္ကဌကြီးကိုယ်တိုင် သွားတဲ့ ကိစ္စလည်း အဲဒါပါပဲ။”

တဖက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးနေသော်လည်း ဒေသတွင်း တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဒေါ့ဖုန်းယန်မြို့နယ် အနောက်မြောက်ဖက် (၃) မိုင်ခန့်အကွာ၌ KIA တပ်ဖွဲ့၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် အချိန် နှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲ ဖြစ်သည့် နေရာတဝိုက်သို့ အစိုးရတပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာ အတွင်းရှိ နေအိမ်တချို့ မီးလောင်သွားသည်ဟု ကြားသိရကြောင်း ဒေါ့ဖုန်းယန် မြို့ခံ တဦးက အခုလိုပြောသည်။

“နမ့်ဝိုင်ကျေးရွာနဲ့ ဖာကေရွာက လမ်းဘေးမှာရှိတဲ့ အိမ်တွေ (၁၀) လုံးကျော်လောက် မီးလောင်သွား တယ်လို့ ကြားတယ်။ လမ်းဘေးက အိမ်တွေဆိုတော့ သူတို့လက်နက်ကြီးနဲ့ ထိတာလား၊ တမင် သက်သက် မီးရှို့တာလားတော့ မသိဘူး။”

ယင်းကိစ္စ မှန်ကန်ကြောင်း ဦးလနန်က “ကျနော်တို့ရတဲ့ သတင်းကတော့ ရွာနှစ်ရွာပေါင်း အိမ်ခြေက (၃၀)လောက် ပါသွားတယ်။ ဖာကေမှာတော့ အိမ်(၇) လုံးနဲ့ နမ့်ဝိုင် မှာတော့ အိမ်က (၂၃) လုံးပါသွားတယ်။” ဟု ပြောဆိုသည်။

ထို့အပြင် ယနေ့နံနက်ကလည်း ဒေါ့ဖုန်းယန် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၄၂) တပ်ရင်း မှနေ၍ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာအနီး KIA တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သည့် နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ် ရှင်းလင်းနေသည်ဟု ဒေ့ါဖုန်းယံ မြို့ခံက ပြောသည်။

“ဒီမနက်ကလည်း မသင်္ကာတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ထုနေသေးတယ်။ ဒါပေမယ့် ရွာထဲကို ထုတာတော့ မဟုတ်ဖူးပေ့ါ။ ရွာဘေးနားက တောစပ်တွေကို ထုနေတာ။ ဒီမနက်ကနေ အခုထိ (၁၀) လုံးကျော်လောက် ရှိနေပြီ။ အခုလည်း ပစ်နေတုန်းပဲ။”

စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်ရပ်ရေးအတွက် ငါးကြိမ် ထက်မနည်း ဆွေးနွေးခဲ့ကြသည်။

Most read this week