မြောက်ဦးမြို့ရှိ မိသူဇာ စေတီ မိုးကြိုးပစ်ခံရ၍ ပျက်စီး

မြောက်ဦးမြို့ရှိ မိသူဇာ စေတီ မိုးကြိုးပစ်ခံရ၍ ပျက်စီး
by -
မောင်အေး

ရှေ့ဟောင်းမြို့တော်ဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေ့ဟောင်း စေတီတော် တဆူ ဖြစ်သည့် မိသူဇာ စေတီသည် မိုးကြိုးပစ်ခံရ၍ ပျက်စီး သွားကြောင်း သတင်း ရရှိသည်။

အဆိုပါစေတီကို လွန်ခဲ့သည့် စနေနေ့ညနေ ၆ နာရီခန့်တွင် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း မြောက်ဦး မြို့ခံတ ဦးက ယခုကဲ့သို့ ပြောသည်။
Mrauk-U-pagoda-Arakan
"စနေနေ့ညနေပိုင်းကပြိုတာပါ။ အဲဒီနေ့က မိုးကြိုးတယ် လျှပ်ခွပ်ပြီးမိုးရွာတယ်။ ညနေ ခြောက်နာရီ လောက်မှာ မိုးကြိုး ပစ်တာပါ။ စေတီတော် အပေါ်ပိုင်း တပိုင်းလုံး ပျက်ပြိုကျသွားတယ်။"

မိသူဇာ စေတီမှာ မြောက်ဦးမြို့ ကိုးသောင်းဘုရားသို့သွားသည့်လမ်း ပေါ်တွင် တည်ရှိသည့်ဘုရားအုပ် အနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထီးတော်လှူထားသည့် မင်းခေါင်ရွှေဂူစေတီနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကြောင်း အဆိုပါ မြောက်ဦးမြို့ ခံက ပြောသည်။

"အဲဒီစေတီကို ပြန်ပြီးပြုပြင်ဖို့ ပုဂ္ဂလိက စေတနာရှင် တဦးရှိတယ်လို့တော ့ကြားတယ်။ ဒါပေမဲ့ ရှေ့ဟောင်းယဉ် ကျေးမှူးဌာနက ပြုပြင်မှာလား ပုဂ္ဂလိက စေတနာရှင်ကဘဲ ပြုပြင်မှာလား ဆိုတာတော့ မသိရသေးဘူး။ စေတီ အထက်ပိုင်း တခုလုံး ပြိုပျက်သွားတဲ့ အတွက် မနည်း ပြင်ယူရပါလိမ့်မယ်" ဟု သူက ပြောသည်။

မြောက်ဦးမြို့တွင် လွန်ခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ကလည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် သမိုင်း ၀င် ရွှေဂူတောင်စေတီတော် ပြိုပျက်ခဲ့သည်။

မြောက်ဦးမြို့မှာ ရခိုင်ရှေ့ဟောင်းမြို့တော်ဖြစ်ပြီး ရခိုင်ကျေးမူ အမွေအနှစ်များ အဓိက တည်ရာ မြို့လည်း ဖြစ် သည်။

ယခုကဲ့သို့ ရှေ့ဟောင်းယဉ်ကျေးမှု လက်ရာများ မကြာခဏ ပြိုကျနေသည့် အကြောင်းနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မှ လူကြီးတဦးက သူ့အမြင်ကို ယခုကဲ့သို့ပြောသည်။

"အဓိကတော့ နှစ်တွေလည်းကြာမြင့်လာပြီဖြစ်တယ်။ ပြီးတော့ ပြုပြင် ထိမ်းသိမ်းမှုကလည်း မရှိဘူးဆိုတော့ ပြိုပျက် လာတာပါဘဲ။ ကျွန်တော့်အမြင် ပြောရရင် ဒီလို ရှေ့ဟောင်း ယဉ်ကျေးမှု ဘုရား ပုထိုးတွေကို အစိုးကအနေနဲ့ တာဝန်ယူ ပြုပြင် ထိမ်းသိမ်းသင့်တယ်လို့ဘဲ ကျွန်တော် မြင်တယ်" ပြောဆိုသွားသည်။

Most read this week