ကျောက်တော်မြို့နယ် အတွင်း ကျေးရွာ တချို့ မိုးကြီး၍ ဒုတိယအကြိမ် ရေမြုပ်

ကျောက်တော်မြို့နယ် အတွင်း ကျေးရွာ တချို့ မိုးကြီး၍ ဒုတိယအကြိမ် ရေမြုပ်
by -
မောင်အေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်မိုးသည်း ထန်စွာရွာသွန်းပြီးတောင်ကျရေများ ကြောင်း ကုလားတန် မြစ်ရေ တက်လာရာမှ သရီ ချောင်း ကမ်းခြေ တလျှောက်ရှိ ကျေးရွာအများ အပြား ရေလွှမ်းမိုး ခံနေရပြီ ဖြစ်ကြောင်း သိရှိရသည်။

ရေလွမ်းမိုးခံနေရသည့် ကျေးရွာများမှာ စပါးဆိပ်၊ ညောင်ချောင်း၊ ကျနင်းကန်၊ ရွာမပြင်၊ စဖိုသားကျေး၊ သရက်တပင် ရွာများ ဖြစ်ပြီးယမန်နေ့ကတည်းက ရေတက်ခြင်းဖြစ်ကြောင်း ရွာမပြင် ကျေးရွာသား တဦးက ယခုကဲ့ သို့ပြောသည်။

"ဟုတ်တယ်။ ရေကြီးနေတယ်။ တရွာလုံးမြုပ်နေပြီး။ မနေ့ကတည်းကမြုပ်တာပါ မနေ့က တနေ့ တည်းနဲ့ မြုပ်သွားတာ။ ရေတက်တာသိပ်မြန်တယ်။ ချောင်းအနီးကလူတွေ ရွာထဲဘက်ကိုပြောင်း ထားပြီး။ ရွာအလယ်မှာ နည်းနည်းဘဲကျန်တယ်။ တခြားနေရာတွေ အကုန်လုံးမြုပ်နေတယ်။ စားသောက်ရေး အခက်အခဲဖြစ်ရှိနေကြ တယ်။"

ယခုကဲ့သို့ ကျေးရွာများရေလွှမ်းမိုးခံနေရသည့်အတွက် သရီးချောင်းတလျှောက်က ကျေးရွာအများအပြား အတွင် စာသင်ကျောင်းများကို ပိတ်ထားရကြောင်း အဆိုပါ ရွာမပြင်ကျေးရွာသားက ပြောသည်။

အလားတူ ကျောက်တော်မြို့နယ် ပေါက်လယ်တောင် ကျေးရွာတွင်လည်း ယနေ့နံနက်တွင် စတင်ရေတက်နေ ပြီဖြစ်ကြောင်း ကျေးရွာသားတဦးကပြောသည်။

" ကျွန်တော်တို့ရွာတော့ မြစ်ရေစတက်နေပါတယ်။ ပတ်ဝန်းကျင်က ဇင်းခံချေ၊ လက်ဝဲမြန်၊ လက်ခုပ်ပင်ရင် တို့မှာ ရေမြုပ်နေပြီ။ မိုးတအားကြီးတယ်။ တောင်ကျရေလည်းတအား တိုးနေတယ်။ အဓိက ကုလားတန် မြစ်ရေ ပေါက်တဲ့ အတွက် ဖြစ်ပါတယ်" ဟု ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရခိုင်ပြည်နယ်တွင် ရာနှုန်းပြည့်နေရာအနှံ့မိုးရွာသွန်းမည် ဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် ၁၀ ဒဿမ ရ လက်မ ရွာသွန်းခဲ့ကာ ၂၅ နှစ်အတွင်း စံချိန်တင် ရွာသွန်းသော မိုးရေချိန် ဖြစ်ကြောင်း သိရသည်။

ယခုရေကြီးမှုမှာ ကျောက်တော်မြို့နယ်တွင် ဒုတိယအကြိမ်မြောက်ရေကြီးခြင်းဖြစ်ပြီး လွန်ခဲ့သည့် အပတ်က လည်း မိုးအဆက်မပြတ်ရွာသွန်းသည့်အပြင် ဇီးချောင်းရေလှောင်တမံကို အာဏာပိုင်များမှ ဖောက်ချခဲ့သည့် အတွက် သရီချောင်းကမ်းခြေရှိ ကျေးရွာပေါင်း ၃၀ ခန့်မှာ ရေလွှမ်းမိုးမှုခံခဲ့ရသည်။

Most read this week