ဘင်္ဂလားဒေ့ချ်နိုင်ငံစစ်တကောင်းတောင်တန်း နယ်တွင် ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာ မာရ်မာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံ ရကြောင်း သတင်း ရရှိသည်။
အဆိုပါ အမျိုးသမီးငယ်မှာ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အနီးအနားရှိ ကျေးရွာ တစ်ခုကို သွားရောက်စဉ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းကို ခံရခြင်း ဖြစ်သည်။
အခင်း ဖြစ်ပွားရာ ဒေသ မာတိန်ရန်ဂ ရဲစခန်းမှာ တာဝန်ရှိသူ ရဲစခန်းမှူး မီဇာနုရ် ရာဟာမန် ( Mizanur Rahman) က အဆိုပါ အမျိုးသမီးငယ်မှာ သူမ၏ သူငယ်ချင်း ဖြစ်သူ Shankar Chandra Shil နှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရိန်းချမ်း ဂျာနာ ပတ်ဝန်းကျင်သို့ သွားရောက်စဉ် အဆိုပါ အမျိုးသားမှ လမ်းမှ စောင့်နေသူ တခြား အဖေါ်နှစ်ဦးနှင့် အတူ အဆိုပါ အမျိုးသမီးငယ်အား တောထဲ ဆွဲခေါ်ပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြောကြားသည်။
သူမအား မုဒိမ်းပြုကျင့်စဉ် အော်ဟစ် အကူ အညီတောင်းခံ သဖြင့် အနီးပတ်ဝန်းကျင်မှ လူများ လိုက်လာပြီး အဆိုပါနေရာတွင် Shankar ကို လက်ပူး လက်ကြပ် ဖမ်းမိပြီး နောက် (၂) ဦးမှာ လွှတ်မြောက်သွားခဲ့သည်။
ယခုအခါ အမျိုးသမီးငယ်အား ခါဆိုရီမြို့ ဆေးရုံတွင် ဆေးစစ်နေပြီး မုဒိမ်းကျင့်ရာ ပါ၀င်သူဟု စွပ်စွဲခံရသူ Shankar ကိုမူ ဖမ်းဆီးထားသည်။
မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ်ရှိပြီး ခါကာဆိုရီ ( ဖလံထောင်) ခရိုင် မာနီချရီမြို့့နယ် ဟာတီမူရ နေရာမှ ဦးသိန်းကြာလှ သမီး ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ကပ်နေသည့် စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်း လမားမြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် မာရမာ အမျိုး သမီးငယ် တစ်ဦးကို ဒေသခံ ဘင်္ဂလီ တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးစားစဉ် သူမ၏ အဖိုးတော်သူ ၆၅ နှစ်အရွယ် လူကြီး တစ်ဦး၊ အသက် ၃၅ နှစ်ရှိ သူမမိခင်နှင့် အသက် ၅ နှစ်အရွယ် သူမ မောင်ငယ်တို့ကို သတ်ဖြတ် ပစ်ခဲ့သည်။
ယခုကဲ့သို့ ပြဿနာများ ရက်ဆက်ဆိုသလို ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံရှိ တောင်တန်းနယ် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူနည်းစုတို့၏ ဘဝလုံခြံုရေးမှာ အလွန်တရာ စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ဒေသခံ ဆရာတော် တပါးက ပြောသည်။