ကမ္ဘာ့စျေးအတိုင်း မြန်မာ့ရွှေ တက်ခွင့်မပြု

ကမ္ဘာ့စျေးအတိုင်း မြန်မာ့ရွှေ တက်ခွင့်မပြု
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။      ။ ကမ္ဘာ့ရွှေစျေးစံချိန် တင် မြင့်တက်သော်လည်း ၎င်းစျေးကွက်အလိုက် ပေါက်စျေးဖွင့်  ရောင်းဝယ်သည့် မြန်မာ့ရွှေစျေးမှာ အစိုးရ အမိန့်ကြောင့် လိုက်တက် မရကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြောသည်။

ဇူလိုင်လဆန်းတွင် ကမ္ဘာ့ရွှေစျေး တအောင်စ (၁ ဒဿမ ရ၆ ကျပ်သား) လျှင် ဒေါ်လာ ၁၄၈ဝ သာရှိခဲ့ကာ၊ ၁၉ ရက်နေ့တွင် ၁၆ဝ၂ ဒေါ်လာသို့ စံချိန်တင် မြင့်တက်သွားခဲ့ရာ ၎င်းစျေးနောက်လိုက်ကာ ရွှေစျေးမကစားရန် တားမြစ်ထားခြင်း ဖြစ်သည်။

gold1အခေါက်ရွှေ တကျပ်သား ကျပ် ၆၆၂၅ဝဝ ပေါက်စျေးမှာ ကမ္ဘာ့ရွှေပေါက်စျေးထက် ကျပ်တသောင်းခန့် နိမ့်ကျ  နေကာ၊ စျေးလိုက်တက်ခွင့်သာ ရှိပါက ၆ သိန်း ၈ သောင်း ခန့်အထိ ရှိနိုင်ကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းသည်။ ရွှေစျေးမတက်သော်လည်း အရောင်းအဝယ်မဖြစ်ဟု ဆိုသည်။

“ခါတိုင်းက ကမ္ဘာ့စျေး တက်ရင် လိုက်တက်ကြတယ်။ ဒီတခါတော့ တက်လို့မရဘူး၊ စျေးထိန်းဖို့ လေပတ်ကား
လည်း ပိတ်ထားတယ်။ မြန်မာငွေစျေးမာတော့ အဝယ်လည်း မလိုက်ဘူး” ဟု ပန်းပဲတန်းမြို့နယ်ရွှေဘုံသာ လမ်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက မဇ္စျိမကို ပြောသည်။

ရွှေအရောင်းအဝယ် စျေးကွက် လေပတ်ကား မပြုလုပ်ရန်နှင့် စျေးမကစားရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းသို့ သက်ဆိုင်ရာက သတိပေးပြောကြားခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်၏ ပြောဆိုချက် ကို ကိုးကားကာ ဇူလိုင် ၂၁ ရက်ထုတ် 7day News ဂျာနယ်က ဖော်ပြခဲ့သည်။ အသေးစိတ် သိရှိနိုင်ရန် မဇ္စျိမက ၎င်းအသင်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

လေပတ်ကားဆိုသည်မှာ နေ့စဉ် ကမ္ဘာ့ရွှေစျေး အတက်အကျ အပေါ် မူတည်၍ ကြိုတင်ခန့်မှန်းချက်ဖြင့် စျေး သတ်မှတ်ပြီး နှုတ်ဖြင့် ကြိုရောင်းကြိုဝယ် ပြုလုပ်ကာ အရှုံးအမြတ် ကစားသည့် အကြီးစား ရွှေရောင်းဝယ်မှု တခုဖြစ်သည်။

moneymmkyat‘‘ကမ္ဘာ့ပေါက်စျေးကို ကြည့်လိုက်တယ်ဗျာ။ ဥပမာ - ၆ သိန်း ပေါက်တယ်ဆိုပါတော့ တက်မယ့် အခြေအနေ မြင်ထားရင် ၆ သိန်း ၁ သောင်းနဲ့ တပိဿာ ကြိုဝယ် လိုက်တယ်။ လေနဲ့ ဝယ်ထားတာပေါ့။ ညနေ ၅ နာရီ ဆိုရင် စျေးပိတ်ပြီ။ အဲဒီမှာ ၆ သိန်း ၃ သောင်း ဖြစ်သွားခဲ့ရင် မနက်ကျရင် အဲဒီနှုန်းနဲ့ ငွေချေ ပစ္စည်းအပ်တာ ပေါ့။ နေ့ချင်း ရှင်းပေးရတယ်။ မပေးနိုင်လို့ ထွက်ပြေးကြလို့ ပြဿနာ တွေလည်း ဖြစ်ကြတာပဲ’’ ဟုရွှေဆိုင်ပိုင် ရှင်က ရှင်းပြသည်။

အပြန်အလှန် ယုံကြည်ရသည့် ရွှေလုပ်ငန်းရှင်များ သာမက စီးပွားရေး လုပ်ငန်းရှင်များလည်း လေပတ်ကားရောင်းဝယ်ကြသည်ဟု ဆိုသည်။

ကမ္ဘာ့စျေးကွက်နှင့် အတူ ထိုကဲ့သို့ စျေးကစားကာ ပြည်တွင်းရွှေစျေး အတက်အကျ မဖြစ်စေရန် တားမြစ်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်အသင်းဝင် တဦးကလည်း ပြောသည်။

“လေပတ်ကား မပိတ်ရင် စျေးဘယ်ငြိမ်မလဲ။ ကမ္ဘာ့ပေါက်စျေး တက်နိုင်ရင် သူတို့က စျေးကို ကြိုပြီး တင်ထား လိုက်တယ်။ အဲဒီအခါ ကျနော်တို့ အရောင်းအဝယ်မှာလည်း ပေါက်စျေးက တက်သွားတယ်။ သူတို့က ပိဿာနဲ့ချီပြီး ကစားကြတာဆိုတော့ မနက်ပိုင်း ပစ္စည်းချေတဲ့ အချိန်ဆို အရောင်းအဝယ်လည်း ဖြစ်ကြတယ်” ဟု သူက ဆိုသည်။

သူက ဆက်ပြီး “ စျေးတက်တာက လေပတ်ကားတခုတည်းကြောင့် မဟုတ်ပါဘူး၊ ဒေါ်လာစျေးနဲ့ ကမ္ဘာ့ရွှေစျေး အတက်အကျနဲ့လည်း ဆိုင်တယ်။ ကမ္ဘာ့စျေးက ဆက်တက်နေရင် မတက်ဘို့ တားလို့မဖြစ်ဘူး၊ မတက်ရင် နယ်စပ်ကနေ ထုတ်ရောင်းကြမှာပေါ့" ဟု ပြောသည်။

ကမ္ဘာ့ရွှေစျေးကို ဒေါ်လာလဲနှုန်းဖြင့် တွက်ချက်ကာ နေ့စဉ် စျေးသတ်မှတ်ရောင်းဝယ်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးမှာ သောကြာနေ့တွင် ၁၅၈၈ ဒေါ်လာ ပေါက်စျေး ရှိနေသည်။ အခေါက်ရွှေ ပေါက်စျေးမှာမူ တကျပ်သားလျှင် ၆၆၄၅ဝဝ ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး၊ ၁၅ ပဲရည်မှာ ၆၆၃ဝဝဝ ဝန်းကျင် ရှိသည်။

အမေရိကန် တဒေါ်လာလဲနှုန်း ကျပ် ၈ဝဝ အောက် ကျဆင်းနေခြင်းကလည်း မြန်မာ့ရွှေစျေး မတက်နိုင်သည့် နောက်ထပ် အကြောင်းရင်းတရပ်ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေစျေး နိမ့်နေသဖြင့် နယ်စပ်မှတဆင့် အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနိုင်ကြောင်း သူက သုံးသပ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ အထွက်များသည်ဟု ဆိုသည်။

ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ သောကြာနေ့တွင် တဒေါ်လာလျှင် ရ၈၅ ကျပ် စျေးပေါက်နေသည်။