မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းထားများကို နိုင်ငံအနှံ့စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ရာတွင် ချင်းပြည်နယ်သည် ရာခိုင်နှုန်းအများဆုံး ဖြင့် ပထမ နေရာတွင်ရှိပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ နေရာတွင် ရှိကြောင်း သိရသည်။
ရခိုင်ပြည်သူများ မည်မျှထိ ဆင်းရဲနေကြသည်ကို အဆိုပါ ဓါတ်ပုံက သက်သေ ညွှန်းဆိုနေပါသည်။ (ဓါတ်ပုံ - နိရဥ္စရာ)
အဆိုပါ စစ်တမ်းကို ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းပြု လုပ်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ်နေရေး ခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ စစ်တမ်း အရ တစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ကောက်ယူထားသည့် ဆင်းရဲ နွမ်းပါးမှု အမြင့်ဆုံး ပြည်နယ်မှာ ချင်းပြည်နယ် ဖြစ်ပြီး ရ၃ ရာခိုင်နှုန်းဖြင့် ပထမ ရှိနေပြီး ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမူ ၄၄ရာခိုင်နှုန်ဖြင့် ဒုတိယနေရာတွက် ရှိနေကြောင်း ဖေါ်ပြသည်။
ရခိုင်ပြည်နယ်သည် တိုးတက် ချမ်းသာနိုင်သော ရေခံမြေခံ အခွင့်ကောင်းများ ရှိနေပါလျှက် မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေရပါသလဲဟု အမေရိကန်တွင် နေထိုင်သော ဆရာကြီး ဒေါက်တာ အေးကျော်ကို နိရဥ္စရာက မေးမြန်းရာသူက ယခုကဲ့သို့ ပြောသည်။
" ရခိုင်ပြည်က ဘာကြောင့် ဆင်းရဲသလဲဆိုရင်တော့ နံပါတ်တစ်အချက်က ဘာလဲဆိုလို့ရှိရင် ကျွန်ပုန်း ကိုလိုနီဘဝနဲ့ နေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ နောက်တခုက စစ်တပ်က အရင်တုန်းက ဆိုရင်ဆရာကြီး တို့ ကျောင်းသားဘဝတုန်းကဆိုရင် ရခိုင်ပြည် တပြည်လုံးမှာ စစ်တပ် တပ်ရင်း သုံးတပ်လောက် ဘဲရှိတယ်။ အခု စစ်တပ်က ၆၀ ကျော် ရှိလာတဲ့ အတွက်ကြောင့် ဒီစစ်တပ်ဟာရခိုင်ပြည်သူပြည် သားတွေရဲ့ တိုးတက် ကြီးပွားရေးကို လာလုပ်တဲ့ စစ်တပ်မဟုတ်ဘူး။ သူတို့အကျိုးကို လာလုပ်တဲ့ စစ်တပ်သာဖြစ် တယ်။ အဲဒါကြောင့် စစ်တပ်က လယ်ယာကို သိမ်းတယ်။ ရခိုင် အမျိုးသားတွေမှာလယ်လုပ် လို့ မရနိုင်။ အဲဒီလို အခက်အခဲ အကျပ်အတည်းကို ရခိုင်သားတွေဟာ လက်ရှိ ကြံုတွေ့နေရတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်ဟာ ဆင်းရဲကျပ်တည်းတဲ့ စာရင်းထဲမှာ ပါတာလည်း ဖြစ်တယ်။နောက်တခုကပင်လယ်သမုဒ္ဒရာ မှာ ရှိတဲ့ ငါးတွေ၊ ပုဇွန်၊ ကဏန်းတွေကိုလည်း ရခိုင်သားတွေ ရှာဖွေ စားသောက်လို့ မရတဲ့ အခြေ အနေ ဖြစ်လာတယ်။ ကိုယ့်ရေထဲမှာ ရှိတဲ့ ငါးကို ကွန်ပစ်လို့တောင် စားလို့မရ ဖြစ်လာတယ်။ နောက်တခါတော တောင်မှာ ရှိတဲ့ သစ်ပင်တွေ၊ ပျဉ်းကတိုး တွေကိုလည်း ခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချတယ်။ရခိုင်သား အကျိုးအတွက် ဘာတခုမှ မပါဘူး။ ရခိုင်ပြည်ကထွက်တဲ့ ဂက်စ်တွေ ရခိုင်ပြည် အကျိုးအတွက်လုံးဝမပါ ဘူး။ နောက်တခုက ရခိုင်ပြည်က ထွက်တဲ့ ရေနံ ရခိုင်ပြည် အကျိုးအတွက်တခု လည်းမပါ။ ခုနကရခိုင်ပြည် မှာ သယံဇာတပစ္စည်း ပစ္စယတွေဟာ အင်မတန်ကြွယ်ဝတဲ့နိုင်ငံဖြစ် သော်လည်း ရသင့် ရထိုက်တဲ့ အခွင့် အရေးဟာ ရခိုင်သားတွေ တယောက်မှ မရရှိကြဘူး။ အဲဒါကြောင့် ရခိုင် တွေဟာ ဆင်းရဲပြီး ဆင်းရဲလာတာ အမှန်ပဲ။ နောက်ထပ်လည်း ဒီထက်ဆင်းရဲလာဖို့ဟာ သေချာပါတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် သားငါး ပုဇွန်၊ ကျွန်းသစ်၊ ဆန်ရေ စပါး အလွန်ပေါကြွယ်ဝသော ဒေသတစ်ခု ဖြစ်ပြီး လက်ရှိကာလတွင် ဧရာမ ဂတ်စ် သိုက်ကြီးများ၊ ရေနံကြောများကို ရှာဖွေတွေ့ရှိထားသည်။
ထိုသို့ သဘာဝ သယံဇာတ ချမ်းသာ ကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေရကြောင်းကို ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ အေးချမ်းက သူ့ အမြင်ကို ယခုကဲ့သို့ပြောသည်။
"ထွက်သမျှ အရာဝတ္ထုအားလုံးကို ရခိုင်ပြည်သူတွေက တခုမှ ခံစားခွင့်မရှိဘူး။ နိုင်ငံတော်အစိုးရက နေပြီးတော့ခါ သူတို့ရဲ့ အပေါင်းအပါတွေနဲ့ စုပေါင်းပြီးတော့ ခေါင်းပုံဖြတ်နေတဲ့အခါ အဆင်းရဲဆုံး နိုင်ငံ ဖြစ်မှာပေါ့။ အဲဒီအဆင်းရဲဆုံး နိုင်ငံထဲမှာ တခါ ရခိုင်ပြည်က အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။ ရခိုင်ပြည် နယ်ထဲမှာ ဆိုရင် အခု ငါးတွေဖမ်းလို့မရ။ မြစ်တွေ ချောင်းတွေမှာ အယင်တုန်းကဆိ်ုရင်ကိုယ့်တ ၀မ်းစာ စားဖို့အတွက်ဆိုရင် ကွန်ပစ်ချင်သလို ပစ်လို့ရပါတယ်။ ရှာလို့ရတယ်။ အခု ငါးဖမ်းလို့ မရ၊ (မျှစ်) ၀ါးတုတ် ချိုးလို့မရ၊ ၀ါးတုတ် (မျှစ်)တွေကို သူတို့က လက်ဝါးကြီးအုပ်ပြီးတော့ ဂျပန်ပြည်ကို ပို့တယ်။ ရခိုင်ပြည်က ၀ါးတုတ်( မျှှစ်)တွေကို အခု ဂျပန်ပြည်မှာ လာပြီးတော့ ရောင်းနေတယ်။ ဒီမှာ ရောင်းတဲ့အခါမှာ ဒေါ်လာ ၃ ဒေါ်လာနဲ့ ရောင်းတယ်။ ရခိုင်ပြည်မှာဝယ်တဲ့အခါ မှာ ငွေ ၅ ကျပ် ၁၀ နဲ့ဝယ်တယ်။ အဲဒီလို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတဲ့အတွက် ရခိုင် ပြည်သူတွေ ဆင်းရဲနေကြတာဖြစ်ပါတယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်ရှိ ပြည်သူ အများစုဘဝမှာ အထူး ကျပ်တည်းမူနိုင် ရင်ဆိုင်နေကြရပြီး တစ်ချို့မိသားစု များမှာ သားသမီးများကို အရွယ်ရောက်လာသော်လည်း ကျောင်းမထားနိုင်ကြဘဲ ဖြစ်နေပြီးဒေသအများ အပြားတွင် ထမင်းနပ်မမှန်သော မိသားစုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်တမ်း အရ ရခိုင်ပြည်နယ်ပြီးလျှင် တတိယ အဆင်းရဲ အနွမ်းပါးဆုံး ဒေသမှာ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့ ဖြစ်ပြီး ၃၃ ရာခိုင်နှုန်းစီရှိကာ ဧရာဝတီတိုင်းမှာ ၃၂ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုမှာ မြို့ပြထက်များပြားသည့် အနေအထားရှိပြီး မြို့ပြ၏ ဆင်းရဲ နွမ်းပါးမှု အခြေအနေမှာ လျော့ကျသွားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏လူဦးရေသည် သန်း ၆၀ ခန့်ရှိပြီး ကျေး လက်နေ ပြည်သူမှာ နိုင်ငံလူဦးရေ၏ ရ၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆင်းရဲနွမ်းပါးမှုအခြေအနေကို တိုင်းတာရာတွင်အိမ်ထောင်စု တစ်စုချင်းအလိုက် စစ်တမ်းကောက်ယူခြင်း ဖြစ်ပြီး နေထိုင်မှု အခြေအနေ၊ ဝင်ငွေရရှိမှု၊ အလုပ်အကိုင် အနေအထား စသည်တို့ကို စာရင်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုသည် ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု အချိုးမှာ ၂၀ဝ၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ၃၅ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ်(UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ် နေရေး အခြေအနေဘက်စုံလေ့ လာမှု စစ်တမ်းအရ သိရသည်။