အပြောင်းအလဲ လုပ်တာကို မကျေနပ်တဲ့ နစက တပ်ဖွဲ့ဝင်တွေ တပ်မှ ထွက်ပြေး

အပြောင်းအလဲ လုပ်တာကို မကျေနပ်တဲ့ နစက တပ်ဖွဲ့ဝင်တွေ တပ်မှ ထွက်ပြေး
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် လုံခြံုရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ အတွင်းတပ်သား များ အပြောင်းအလဲ လုပ်သည်ကို မကျေနပ်သော တပ်ဖွဲ့ဝင်များသည် တပ်ကို ကျောခိုင်းကာ ထွက်ပြေးနေကြသည်ဟု သတင်း ရရှိသည်။

BDR-Nasaka285နစက တပ်ဖွဲ့သည် မကြာခဏ နယ်စပ်အရေးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဤသို့ ဆွေးနွေးသည်။

" အခု ထွက်ပြေးသွားတဲ့ တပ်သားတွေက အမှတ်(၁) အဖွဲ့ထဲက စစ်သားတွေ ဖြစ်ပါတယ်။ သူတို့ကို တခြား တပ်သားတွေနဲ့ နေရာ အပြောင်းအလဲ လုပ်တဲ့ အတွက် အဲသလို လုပ်တာကို မကျေနပ်တာကြောင့် မိခင် တပ်ရင်းတွေကို မပြန်ဘဲ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်"op ဟု နစကနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နစက တပ်ဖွွဲ့ကို ဌာနဆိုင်ရာ အဖွဲ့ (၄) ခုဖြင့် ဖွဲ့စည်းထားရာ အဆိုပါ အဖွဲ့များမှာ အမှတ် (၁) အဖွဲ့- စစ်တပ်၊ အမှတ် (၂) အဖွဲ့- ရဲ၊ အမှတ် (၃) အဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့် အမှတ် (၄) အဖွဲ့-အကောက် ခွန်တို့ ဖြစ်ကြသည်။

" အခု ထွက်ပြေးနေတာက အမှတ် (၁) ထဲက စစ်သားတွေပါ။ သူတို့ကို ၁၉၉၂ ခုနှစ်် နစက တပ်ဖွဲ့ကို ဖွဲ့ကတည်းက စစ်တပ်ကနေ တာဝန်ပေးထားသူတွေ ဖြစ်ပါတယ်။ သူတို့ကို ပြောင်းအလဲ လုပ်တာ၊ မိခင် တပ်ရင်းကို ပြန်ပို့တာတွေကို မလုပ်ဘဲနဲ့ နှစ်ပေါင်း ၂၀ နီးပါး နစက တပ်ဖွဲ့ တာဝန် ထမ်းဆောင်ပြီးမှ အခုအခါ အပြောင်းအလဲ လုပ်တဲ့ အတွက် မကျေနပ်တာကြောင့် ခုလို တပ်က ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

အပြောင်းအလဲ လုပ်ခံရသော စစ်သားများသည် မိခင် တပ်ရင်းရှိရာကို မပြန်ဘဲ တချို့မှာ မိသားစုရှိရာသို့ ပြန်သွားကြပြီး တစ်ချို့မှာလည်း ရန်ကုန်၊ မန္တလေးလို မြို့ကြီးများသို့ ထွက်ခွာ သွားကြသည်ဟု သိရသည်။

၎င်းပြင်သူက " ထွက်ပြေး ကျောခိုင်းသွားတာ အရေအတွက် အများကြီး ဖြစ်မယ်ထင်ပါတယ်။ ရာချီပြီး တော့ ရှိမယ် ထင်ပါတယ်။ ဒါကြောင့် အခု နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကိုယ်တိုင် နစက နယ်မြေတွေကို သွားပြီး စည်းရုံးရေး ဆင်းနေရတယ်လို့ သိရတယ်။ သိပ်မကြာခင်ကလည်း မြင်းလွှတ်တို့ အလယ်သံကျော် နစက စခန်းတွေကို ရောက်လာပြီးတော့ ဟောပြော စည်းရုံးရေးတွေ လုပ်သွားတယ်လို့ သိရပါတယ်" ဟု ပြောသည်။

နစက တပ်ဖွဲ့ကို နယ်စပ် နယ်မြေ (၉) ဖြင့် ဖွဲ့စည်းထားပြီး စခန်းငယ် ၂၇ ခုနှင့် အင်အား ၃၀၀၀ ကျော်ခန့် ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် အခြေစိုက်ထားသည်။

နစက တပ်ဖွဲ့အတွွင်းရှိ ရဲ၊ လဝကနှင့် အကောက်ခွန်ဌာနမှ ၀န်ထမ်းတို့ကို ၁ နှစ်ခွဲ၊ ၂ နှစ်အတွင်း တကြိမ်ကျစီ မိခင် ဌာနနှင့် အပြောင်းအလဲ လုပ်သော်လည်း တပ်မှ စစ်သားများကိုမူ ယခင်က တကြိမ် တစ်ခါမျှ အပြောင်းအလဲ လုပ်ခြင်း မရှိသေးကြောင်း သိရသည်။

နစက တပ်ဖွဲ့တွင် တပ်မှ လာသူများမှာ သြဇာရှိပြီး ၀င်ငွေကောင်းသဖြင့် ချမ်းသာကြသည်ဟု သိရသည်။ နယ်စပ်တွင် နေထိုင်သူ မွတ်ဆလင်များ ထံမှ အကြောင်း အမျိုးမျိုးပြပြီး ငွေများ ကောက်ခံ ရရှိသဖြင့် နစက တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုသူ များပြားကြောင်း သိရသည်။

Most read this week