ရခိုင် မြစ်ချောင်းငါးဖမ်းကွက်များ လေလံတင် ရောင်းချမှု ယာယီရပ်ဆိုင်းခြင်း မသေချာ

ရခိုင် မြစ်ချောင်းငါးဖမ်းကွက်များ လေလံတင် ရောင်းချမှု ယာယီရပ်ဆိုင်းခြင်း မသေချာ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ပင်လယ်နှင့် မြစ်ချောင်းငါးဖမ်းကွက် များကို ဌားရမ်းမည့် အစီအစဉ်ကို ရခိုင်ပြည်နယ် အစိုးရမှ ယာယီ ရပ်ဆိုင်းလိုက်သည်ဟု ရန်ကုန် ထုတ် ဂျာနယ် တချို့မှ ဖေါ်ပြသော သတင်းမှာ မသေချာကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

Sittwe-Small-Harbour“ အခု သူတို့က လေလံ ကော်မီတီကိုတောင် ဖွဲ့ထားပါပြီ။ ပြည်နယ် ၀န်ကြီးတွေ အပါအဝင် ၅ ဦး ကော်မီတီ ဖြစ်ပါတယ်။ ဒီလ ၉ ရက် မဟုတ်ရင် ၁၀ ရက်နေ့မှာ လေလံပစ်မှာ ဖြစ်ပါတယ်။ ယာယီ ရပ်ဆိုင်းလိုက်တယ် ဆိုတာ မသေချာလို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ပြည်နယ် အစိုးရမှ ဖွဲ့စည်းလိုက်သော လေလံ ကော်မီတီတွင် ဦးကျော်သိန်း ( သားငါး၊ သတ္တုနှင့် စွမ်းအင် ၀န်ကြီး ဌာန)၊ ဦးမြအောင် (စီးပွားရေး ၀န်ကြီး)၊ ဦးကိုကိုနိုင် (ချင်းရေးရာ ၀န်ကြီး)နှင့် ငါးလုပ်ငန်း အထွေထွေ ဦးစီးမှူးနှင့် နောက်ထပ် အစိုးရ အရာရှိတစ်ဦးတို့ ပါ၀င်ကြသည်ဟု သိရသည်။

“ အစပိုင်းက ရခိုင်ပြည်နယ် အစိုးရမှ ပင်လယ် လုပ်ကွက်တွေနဲ့ မြစ်ချောင်း အင်းအိုင်တွေကို ဧပြီလ ၂၉ ရက်နေ့က လေလံ ပစ်မယ် ဆိုပြီး သတင်း ဖြစ်ပေါ်ခဲ့တယ်။ အဲဒီနေ့မှာ မလုပ်ဖြစ်တော့ မေလ ၆ ရက်နေ့ဆိိုပြီးသတင်းထွက် လာတယ်။ အခုတစ်ခါ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ လုုပ်မယ်လို့ သိရပါတယ်။ ခုလို ရွှေ့ဆိုင်းနေတာကြောင့် ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ သတင်း ထွက်ပေါ်လာတာ ဖြစ်နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

အများပြည်သူများ ရှာဖွေ စားသောက်နေသော မြစ်ချောင်း အင်းအိုင်များကို မြန်မာနိုင်ငံတွင် မည်သည့် ဒေသတွင်မှ လေလံပစ် ဌားရမ်းခြင်း မရှိဘဲ ရခိုင်ပြည်နယ် တစ်ခုတည်းတွင် နအဖ စစ်အစိုးရမှ သူတို့ အာဏာရရှိကတည်းက လေလံပစ်ကာ စီးပွားရေး သမားများကို ဌားရမ်းခဲ့သည်။

ထိုသို့ ဌားရမ်းခဲ့သဖြင့် တဝမ်းတခါးအတွက် ရုန်းကန်နေကြရသော ရခိုင်ပြည်သူများမှာ အထူး ဒုက္ခရောက်ခဲ့ကြရပြီး မိမိကျေးရွာ အနီးရှိ မြစ်ချောင်းများတွင်ပင် တနပ်စာ ငါးရှာဖွေ ဖမ်းဆီးခွင့် မရတော့ဘဲ တားမြစ်ခံခဲ့ရသည်။

“ မိမိအိမ်ရှေ့က ချောင်းမှာ ဘိုးဘွား အဘီအဘင် လက်ကတည်းက ပိုက်ကွန်တွေကို အသုံးပြုပြီး တနပ်စာ စားဖို့ ငါးရှာလာတာ နအဖ အစိုးရ လက်ထက်မှာ ငါးရှာခွင့် မရတော့ဘူး။ ပိတ်ပင် တားဆီးခံခဲ့ကြရပါတယ်။ ကွန်တလက် ၅၀၀ ကျပ်၊ ပိုက်တလက် ၁၀၀၀၀ ကျပ် အဲသလို ကောက်တဲ့ အတွက် ရခိုင်ပြည်သူတွေ အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ကြရပါတယ်။ အခု ပြည်နယ် အစိုးရလက်ထက်မှာလည်း ဒါတွေကို ဆက်လုပ်ရင် အခုအစိုးရလည်း နအဖ စစ်အစိုးရနဲ့ ဘာမှ မထူးဘူးလို့ မှတ်ယူကြရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ငါးဖမ်းကွက်များကို လေလံတင်ရောင်းချခြင်းကို သံတွဲခရိုင် တစ်ခုမှ အပ ရခိုင်ပြည်နယ် တဝန်းလုံးတွင် နှစ်စဉ် ပြုလုပ်ပြီး မောင်တော၊ စစ်တွေနှင့် ကျောက်ဖြူခရိုင်တွင် ငါးဖမ်းကွက်ပေါင်း ၁၂၀ ကျော် သတ်မှတ်ထားကာ ငါးဖမ်းကွက်တစ်ကွက်ကို အမြင့်ဆုံးစျေး ကျပ်သိန်း ၃၀၀ ခန့်နှင့် ဌားရမ်းကြောင်း သိရသည်။

Most read this week