ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲ အရာရှိများပိုင် ပြည့်တံဆာခန်းက အဆိုးရွားဆုံးဖြစ်

ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲ အရာရှိများပိုင် ပြည့်တံဆာခန်းက အဆိုးရွားဆုံးဖြစ်
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်ဒေသအာဏာ ပိုင်များ ပူးပေါင်းဖွင့်လှစ်ထားသောပြည့်တံဆာ ခန်း များထဲတွင် စစ်တပ် အရာရှိနှင့်ရဲအရာရှိ များ ပိုင်ဆိုင်သော ပြည့်တံဆာခန်းမှာအဆိုး ရွားဆုံး ဖြစ်နေကြောင်း သတင်း ရရှိသည်။

Kyauk-Pru-Jetty

ကျောက်ဖြူမှ အမည်မဖေါ်လိုသူ လူငယ်တဦးက “ အဓိက အဆိုးရွားဆုံး ဖြစ်နေတာက ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက် ရဲလှိုင်တန်း အနီး တန်းလျာစျေးမှာ ဖွင့်ထားတဲ့ ဆိုင်က အဆိုးဆုံး ဖြစ်နေတယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ရှေ့မှာ အလှပြင်ဆိုင်လိုလို အမည်ပြထားပြီး နောက်ကွယ်မှာ ပေါ်တင်ကြီးကို လုပ်နေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ဆိုင်ကို ဒုရဲအုပ်တစ်ဦးနှင့် ခလရ ၃၄ တပ်ရင်းက တပ်ရင်းမှူးတို့က ပူးပေါင်းပြီး လုပ်ကိုင်နေကြောင်း သူက ဆက်ပြောသည်။

“ ဗမာပြည်က အမျိုးသမီး ချောချောလေးတွေ ခေါ်ပြီး ဖွင့်ထားတာဖြစ်တယ်။ ပီးရင် ကျောက်ဖြူက သူတို့နဲ့ ဆက်စပ်တဲ့ ကျောင်းသူ တစ်ချို့လည်း အဲဒီ လုပ်ငန်းမှာ ပါ၀င် ပတ်သက်နေတယ်လို့ သိရပါတယ်။ ကျောင်းသူတွေ ပါ၀င်နေတော့ သူတို့က စျေးကြီးခေါ်လို့ ရတယ်လို့ ပြောပါတယ်။ ရိုးရိုး သာမန် အမျိုးသမီး တစ်ဦးက တနာရီကို ၁၀၀၀၀၊ ကျောင်းသူတွေကတော့ ၂၀၀၀၀ ထိပေးရတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကတော့ ခေါင်းစဉ်အမျိုး မျိုး တပ်ပြီး ကျပ် ၅၀၀၀၀ ထိ ယူတယ်လို့ သိရပါတယ်” သူက ပြောသည်။

ကျောက်ဖြူမြို့တွင် နိုင်ငံခြား စီမံကိန်းများနှင့် အစိုးရ စီမံကိန်းများကြောင့် ပြည်တွင်း ဧည့်သည်များသာမက နိုင်ငံခြား ဧည့်သည်များပါ အထူး အဝင်အထွက်ရှိရာ အနှိပ်ခန်း၊ အလှပြင်ခန်းများကို ပြပြီး မကောင်းမူ ပြည်တံဆာ လုပ်ငန်းများ လုပ်ကိုင်နေမူမှာ အထူး တွင်ကျယ်နေကြောင်း သိရသည်။

တခြား ပညာတတ် လူငယ် တစ်ဦးကလည်း “ ခုလို လုပ်ကိုင် စားသောက်နေတာ ဆိုင်ပေါင်းက ကျောက်ဖြူမှာ ၂၀ ထိရှိတယ်လို့ သိရပါတယ်။ တရုတ်တွေကတော့ ငွေတွေကို သုံးချင်သလို သုံးဖြုန်းနိုင်တဲ့အတွက် ဒီလို လုပ်ငန်းက အထူးတွက်ခြေ ကိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ ဒီလုပ်ငန်းမှာ ပါ၀င် ပတ်သက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အမည်ခံ အလှပြင်ဆိုင်၊ အနှိပ်ခန်း ဆိုင်များမှ အမျိုးသမီးငယ်များကို တရုတ်များအလုပ်လုပ် နေရာ ကျွန်းများနှင့် စီမံကိန်းများသို့ စက်လှေများဖြင့် အပတ်စဉ် ပို့ဆောင်နေကြသည်ဟုလည်း သိရသည်။

တခြား တဘက်တွင်လည်း အဆိုပါ ပြည့်တန်ဆာလုပ်များကြောင့် ဒေသခံ ပြည်သူများကို ထိခိုက်မူများ ရှိနေပြီး ညဆိုလျှင် ရပ်ကွက်များတွင် ဆူညံနေသဖြင့် မြို့လူထုကို အလွန်တရာ အနှောင့်အယှက် ထိခိုက်မူများရှိနေ သည်ဟု သိရသည်။

ကျောက်ဖြူမြို့မှာ ယခင်က အလွန်အေးချမ်းသော မြို့တစ်မြို့ ဖြစ်ပြီး လူတိုင်း နေချင်ဖွယ်ရာ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ် ဖြစ်သော်လည်း ယခုအခါ အဆိုပါ လုပ်ငန်းများကြောင့် မြို့၏ ဂုဏ်သိက္ခာကိုပါအကြီး အကျယ် ထိခိုက်နေကြောင်း သိရသည်။

Most read this week