မိုးစရွာသည်နှင့် ဂီရိ ဒုက္ခသည်များ အခက်ကြံု

မိုးစရွာသည်နှင့် ဂီရိ ဒုက္ခသည်များ အခက်ကြံု
by -
မောင်အေး

ဧပြီလ ၂၆ ရက်နေ့ က မိုးစရွာသည်နှင့် မြေပုံမြို့နယ်မှ ဂီရိ မုန်တိုင်းသင့် ပြည်သူများ အနေဖြင့် စတင်အခက် အခဲ ကြံုတွေခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

Giri-Victims-Still-Homelesss
“ မိုးက ညဉ့်လယ်ပိုင်းမှာ ရုတ်တရက် ရွာသွန်းချလိုက်တော့ အိမ်တွေ ပြန်မဆောက်နိုင်သေးတဲ့ လူတွေ အထူး ဒုက္ခရောက်သွားကြရပါတယ်။ နေစရာ မရှိ ထိုင်စရာ မရှိ။ အကုန်လုံး မိုးရေစိုပြီးစုတ်ပြတ် ကုန်ပါတယ်” ဟု အိမ်ပြန်မဆောက်နိုင်သေးသူ ဂီရိမုန်တိုင်းသင့် ပြည်သူ တစ်ဦးက ပြောသည်။

အဆိုပါ သတင်းကြောင့် မုန်တိုင်း မြေပုံမြို့နယ် အခြေအနေကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နေသူ ရဟန်းတော် တစ်ပါးအား ဆက်သွယ် မေးမြန်းရာ သူက ယခုကဲ့သို့ စတင် ပြောကြားသည်။

“လူတွေ တညလုံး မအိပ်ရဘူး။ ဦးဇင်းတို့ မြေပုံမြို့နယ်မှာ တောင်ဘက်ပိုင်းထက် ဒီဘက် ပိုင်းက ပိုဆိုးတယ်။ ဒီမြို့ထဲမှာ ဦးဇင်းမြင်နေရတာက အိမ်မလုပ်နိုင်တဲ့သူတွေ အများကြီးဘဲ။ လမ်းမကြီးနားက တချို့တော့ လုပ်ထားတာတွေ့ရတယ်။ အများအားဖြင့်တော့ စားစရာမရှိ၊ နေစရာမရှိ ဒုက္ခဖြစ်နေသူ များတယ်။ ဦးဇင်းမှာတော့ ကျောင်းမိုးပြီးသွားလို့ ကံကောင်းတယ်။”

မြေပုံမြို့နယ်မှာ လွန်ခဲ့သောနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော မြို့နယ် တစ်ခု ဖြစ်ပြီး အိုးအိမ် အများအပြားလည်း တခြား မြို့နယ်များထက်ပျက်စီးသွား ခဲ့သည်။ သို့သော် သစ်ဝါးနှင့် ဓနိများ အလွန်စျေးကြီးသဖြင့် အများစု လေဘေးသင့် ပြည်သူများမှာ အိမ်များကို ပြန်လည် တည်ဆောက် နိုင်ခြင်း မရှိဘဲ ဖြစ်နေကြရသည်။

“အများစုကတော့ တဲထိုးပြီး တာလပတ်စတွေ၊ မိုးကာတွေကို မိုးပြီး နေကြတယ်။ ဦးဇင်းရောက်ခဲ့တဲ့ ပြင်လှဘက်မှာ ဆိုလည်း ဒီအတိုင်းဘဲ လူတွေ အိမ်မဆောက်နိုင်သေးဘူး။ ဒီမြို့ထဲမှာလည်း ဒီအတိုင်း ပါဘဲ။ ဘယ်လိုလုပ်မှာလဲ။ အသက် ကိုတော့ အသေမခံနိုင်ကြဘူးဆိုတော့ ဖြစ်သလို တဲထိုး ဖျာကာ နေကြရတာပေါ့” ဟု အဆိုပါ ရဟန်းတော်က ပြောသည်။

အိမ်များ ပြန်လည် ဆောက်လုပ်ရန် အတွက် တချို့ကူညီရေး အန်ဂျီအို အဖွဲ့အစည်းများမှ အုန်း(ဓနိ)နှင့်် ၀ါးများကို လာရောက် လှူဒါန်းသော်လည်း ပြိုပျက်သွားသော အိမ်များအားလုံးကို အလုံလောက် ကူညီ ထောက်ပံ့နိုင်ခြင်း မရှိကြောင်း သိရသည်။

“ အခု မိုးစရွာပြီးတော့ လူတွေ အတွက် လိုုအပ်တာက အမိုးအကာ၊ မျိုးစပါးနဲ့ အစားအစာဘဲ ဖြစ်ပါတယ်။ အခု အန်ဂျီအိုတွေရဲ့ အကူအညီကလည်း ရပ်တန့်သွားပြီဆိုတော့ ဒီလူတွေ မိုးတွင်းမှာ ဘယ်လိုစားသောက် နေထိုင်ကြမလဲဆိုတာတော့ စဉ်းစားစရာပါဘဲ” ဟု ရဟန်းတော်က ပြောသည်။

Most read this week