မောင်တောတွင် ယာဘား ဆေးပြား ၂၀၀၀၀ နီးပါးနှင့် အတူ လူနှစ်ဦး ဖမ်းဆီးခံရ

မောင်တောတွင် ယာဘား ဆေးပြား ၂၀၀၀၀ နီးပါးနှင့် အတူ လူနှစ်ဦး ဖမ်းဆီးခံရ
by -
တာကလူး

ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် ယာဘား စိတ်ကြွဆေးပြား ၂၀၀၀၀ ခန့် နှင့်အတူ လူနှစ်ဦးကို နယ်စပ်လုံခြံုရေးတပ်ဖွဲ့ နစကမှ ယခုလ ၂၂ ရက်နေ့ တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

Yaba-Tablets
အဆိုပါ ဖမ်းဆီးခံရသူများမှာ မောင်တော ရပ်ကွက် (၁)မှ ဦးညီချေ နှင့် ရွှေဇားရပ်ကွက်မှ ဦးဘကျော်တို့ ဖြစ်ကြပြီး၊ သူတို့ နှစ်ဦးကို ယာဘား ဆေးပြား ၁၉၈၀၀ နှင့် အတူ မောင်တော ကညင်ချောင်း အခြေစိုက် နစကတပ်ဖွဲ့များမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နစကနှင့် နီးစပ်သူ တစ်ဦးက ထုတ်ဖေါ်ပြောသည်။

“ကြိုတင်သတင်းပေးချက်အရ နစက က သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ယာဘား ဆေးပြားတွေ ယူလာပြီးတော့ မော်တော်ဆိုက်ကယ်နဲ့ ရွှေဇားကို သွားတဲ့လမ်းခုလတ်မှာပဲကညင်ချောင်း စခန်းက နစကတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ယာဘားဆေးပြား စုစုပေါင်းက ၁၉၈၀၀ ရှိပါတယ်။”

အာဏာပိုင် သတင်းရပ်ကွက်များ၏ အဆိုအရ နယ်စပ်ဒေသအတွင်း ယခုဖမ်းဆီးရမိသည့် ယာဘား ဆေးပြား အရေအတွက်မှာ ယခုနှစ်အတွင်း အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူနှစ်ဦးကို ယခုအချိန်အထိ ကညင်ချောင်းနစကစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း ထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ယာဘားဆေးပြားများကို မှောင်ခို လမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေချ့်သို့ တင်ပို့ရန် ဖြစ်ပြီး ဘင်္ဂလာဒေချ့် နိုင်ငံံမှာ မြန်မာ နိုင်ငံမှ ထုတ်လုပ်သော ယာဘားဆေးပြားများ အဓိက တင်ပို့ရာ နိုင်ငံ တစ်ခု ဖြစ်သည်။

Most read this week