သီတဂူ ဆရာတော်ကြီးက မြေပုံ ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကျပ်သိန်း ၁၅၀ ကျော် လှူဒါန်း

သီတဂူ ဆရာတော်ကြီးက မြေပုံ ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကျပ်သိန်း ၁၅၀ ကျော် လှူဒါန်း
by -
နိရဥ္စရာ သတင်းဌာန

သီတဂူ ဆရာတော် အရှင် ဉာဏိသရနှင့် အလှူရှင် များက မြေပုံမြို့နယ် ဂီရိ မုန်တိုင်းဒဏ်ကို ခံခဲ့ရသော ပြည်သူများအတွက် အလှူငွေ ကျပ် ၁၅၅၃၀၀၀၀ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

sitaguအဆိုပါ အလှူငွေကို ယခုလ ၁၉ ရက်နေ့က မြေပုံမြို့နယ် အာဏာပိုင်များက တဆင့် ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြေပုံမြို့မှ ဆရာတော် တစ်ပါးက “ သီတဂူ ဆရာတော် လှူဒါန်းတဲ့ ငွေတွေက အဓိက ရေတွင်း ရေကန်တွေ တူးဖေါ်ရေး အတွက် လှူတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆည်တွေ ဆည်ဖို့ရေးအတွက်လည်း ကူတယ်လို့ ကြားရပါတယ်။ ဘုန်းကြီးကျောင်း တွေ အတွက်တော့ မပါ၀င်သေးပါဘူး။ နောက်ထပ် လှူအုံးမယ်လို့လည်း ကြားရ ပါတယ်” ဟု ပြောသည်။

မြေပုံမြို့နယ် ကျွန်းစဉ်ကမ်းတွင် သောက်ရေကန်များ ပျက်စီးသွားခဲ့သဖြင့် ဆရာတော်ကြီးလှူဒါန်းသောငွေများ ကို အဆိုပါ ဒေသရှိ ကျေးရွာများတွင် ရေတွင်း ရေကန် တူးဖေါ်ရာ၌ အသုံးပြုသွားမည်ဟု သိရသည်။

“ မြေပုံမြို့နယ် လေဘေးသင့် ဒေသတွေမှာ လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။ အဓိကအားဖြင့် အိမ်မဆောက်နိုင်တဲ့ သူတွေ အများကြီးရှိနေသေးတယ်။ မေလ စတုတ္တပတ်ဆိုရင် မိုးရွာတော့မှာမို့ ခုလို အနေအထားနဲ့ ဆိုရင် လူတွေ တော်တော် ဒုက္ခရောက်နိုင်ပါတယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြား သည်။

သီတဂူ ဆရာတော်၏ အလှူငွေမှာ မုန်တိုင်းသင့် ပြည်သူများ အတွက် တဘက်တလမ်းမှ အထောက်အကူ ဖြစ်မည် မှန်သော်လည်း ထိုကဲ့သို့ အလှူမျိုး နောက်ထပ် အများကြီး လိုနေသေးကြောင်း ဆရာတော်က မိ်န့်ကြားသွားသည်။

Most read this week