ကရင်နီအမျိုးသားနေ့ မပပျောက်သွားစေရန်အတွက် ပြည်တွင်းပြည်ပရှိ ကရင်နီအမျိုးသားများသည် မိမိအမျိုးသားနေ့ကို ဆက်လက်ထိန်းသိမ်းသွားရန် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌ ခူထဲဘူးဖဲက မှာကြားလိုက်သည်။
ယခုလ ၂၁ ရက်နေ့တွင် ကရင်နီအမျိုးသားများအတွက် ကျရောက်သည့် ၁၃၅ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ခူထဲဘူးဖဲက မှာကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ကရင်နီအမျိုးသားနေ့နဲ့ ပတ်သက်ပြီးတော့ ဒီလိုနေ့ရက်မျိုး အကြောင်းအရင်း ဖြစ်ပေါ်လာတာဟာ အခုပဲ မဟုတ်ပဲနဲ့ မျိုးစဉ်ဘောင်ဆက်အထိ မမေ့ မပျောက်ဖို့ လိုပါတယ်။ ဒီလိုပဲ ကျင်းပသွားရမှာ ဖြစ်တယ်” ဟု ကရင်နီအမျိုးသားနေ့ အခမ်းအနားတွင် ၎င်းက ပြောကြားသွားသည်။
ကရင်နီပြည်တွင်းရှိ ပြည်သူလူထုများသည် မြန်စစ်အစိုးရ၏ နည်းမျိုးစုံသော ဖိနှိပ်အုပ်ချုပ်မှုနှင့် တားဆီးပိတ်ပင်မှုများကြောင့် မိမိအမျိုးသားနေ့ကို အချို့က မသိရှိ ကြကြောင်း ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ဖြစ်သူ ခူဦးရယ်က ပြောသည်။
၎င်းက “ကရင်နီအမျိုးသားနေ့နဲ့ ပတ်သက်ပြီး ရှင်းရှင်းပြောရရင် ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကရင်နီလူမျိုးတို့မှာ ဒီနေ့ဟာ ကရင်နီအမျိုးသားနေ့ဆိုတာ အကုန်မသိကြပါဘူး။ ဘာဖြစ်လဲဆိုတော့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုမှာ နေနေရတော့ ဒီတရက် ဘာနေ့ရက်ဆိုတာ သူတို့ မသိကြတော့ဘူး” ဟု ပြောပါသည်။
ကရင်နီအမျိုးသားနေ့ကို ပြည်တွင်းမှ လွဲ၍ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်ပရှိ အမေရိကန်၊ ဖင်လန်၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေထိုင်ကြသော ကရင်နီ အမျိုးသားများလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။ သို့သော် ၎င်းတို့ အလုပ်အကိုင် ကိစ္စနှင့် အခြေအနေ ကွာခြားမှုကြောင့် ကြို၍ ကျင်းပခဲ့သည်ကိုလည်း ရှိနေကြသည်။
အမေရိကန်နိုင်ငံမှ ကရင်နီလူငယ်တဦးဖြစ်သူ ထွားရယ်က “ဒီမှာ ရှိနေတဲ့ အထူးသဖြင့် ကျနော်တို့ ကရင်နီလူငယ်တွေအတွက်ပေါ့ ကျနော်တို့ ကရင်နီအမျိုးသားနေ့က အရမ်းအရေးကြီးတယ်လေ။ ကျနော်တို့ မလုပ်ရင် နောက်တက်လာမယ့် လူငယ်တွေက ကိုယ့်အမျိုးသားနေ့ကို မသိကြတော့ဘူး။ သူတို့ မေ့သွားမယ်။ နောက်ပြီး သတိရ အောက်မေ့တဲ့ အနေဖြင့် ကျင်းပရတာလည်း ဖြစ်တယ်။ နောက်ကျရင် လူငယ်တွေ သူတို့ကိုယ့်သူတို့ လုပ်နိုင်ဖို့လည်း ဖြစ်တယ်” ဟု ပြောသည်။
ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းမှာ လွန်ခဲ့သည့် ခရစ်သက္ကရာဇ် ၁၈၇၅၊ ဇွန်လ ၂၁ ရက်နေ့က အင်္ဂလိပ် ဗြိတိသျှ အစိုးရနှင့် ဗမာဘုရင် အစိုးရတို့၏ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကရင်နီပြည်ကို သီးခြားလွတ်လပ်သော ပြည်ငယ်တပြည်အဖြစ် အသိအမှတ်ပြု စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် ကရင်နီ အမျိုးသား များသည် ၎င်းနေ့ရက်ကို ကရင်နီအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နေ့တိုင်း အမျိုးသားနေ့ အခမ်းအနားများကို ယနေ့ထိတိုင် သတ်မှတ်ကျင်းပလာရခြင်း ဖြစ်သည်။
ကရင်နီအမျိုးသားနေ့သည် ကယားလီ(ကရင်နီ) လူမျိုးတခုတည်းကိုသာ ရည်ညွန်းထားခြင်း မဟုတ်ဘဲ ကရင်နီပြည်တွင်းရှိ ကရင်နီမျိုးနွယ်စုများ ဖြစ်ကြသည့် ကယန်း (ပုဒေါင်)၊ ကယော(ပရဲ)၊ တလျား(ယင်းတလဲ)၊ ကယော်(မနူးမနှော)၊ ကဲခို၊ ကဲဘား၊ ကယန်းကန်ငန်(ယင်းဘော်)၊ ပကူးနှင့် သံတောင်ဘွဲ စသည့်တို့ ပါ၀င်သည်။