မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ KIO က ၎င်းတို့၏ ဌာနအချို့ကို စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားလို ကြောင်း ယမန်နေ့က တောင်းဆို ခဲ့သည်။
နအဖ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် KIO ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး (BGF) နှင့် ပတ်သက်ပြီး ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ဆွေးနွေးခဲ့ကြရာ KIO က ထိုကဲ့သို့ တောင်းဆို တင်ပြခဲ့ခြင်း ဖြစ်သည်။
“စိုးဝင်းကတော့ BGF လက်ခံရမယ် ဆိုတာပဲ ပြောတယ်။ ကျနော်တို့ကတော့ ဌာနတချို့ အသွင်ပြောင်းလို့ရတာတွေ ပြောင်းမယ်။ အစိုးရနဲ့အတူ ပူးပေါင်း လုပ်လို့ရတဲ့ ဌာနအချို့ပေါ့နော်။ ပါးစပ်နဲ့ ပြောသေးတာပါ။ စစ်တပ်အကြောင်း ကတော့ မပြောသေးဘူး” ဟု တွေ့ဆုံပွဲသို့ တက်ရောက်သူ KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “အခြေခံ စိုက်ပျိုးရေးနဲ့ သစ်တော ထိန်းသိမ်းရေးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးများ ပူးပေါင်း ဆောင်ရွက်မယ်။ ဆောက်လုပ်ရေးမှာ ဆိုရင်လည်း ကျောင်းတွေ အတူဆောက်မယ်။ ကျနော်တို့ဘက်က အဲဒီလို လုပ်ချင်တယ်လို့ တောင်းဆို ထားတာပဲ” ဟု ပြောသည်။
မပခ စစ်ဌာနချုပ်၌ တွေ့ဆုံမှုတွင် KIO အဖွဲ့ကို ဒုဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်း ဦးဆောင်ပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သစ်တော ထိန်းသိမ်းရေး၊ ဒေသ ဖွံ့ဖြိုးရေး ဌာနများမှ တာဝန်ခံများ အနည်းဆုံး ၁၀ ဦးခန့် တက်ရောက် ခဲ့သည်။ စစ်အစိုးရဘက်ကမူ မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ဌာနတချို့ ပူးပေါင်း ဆောင်ရွက်မည်ဟု KIOက တင်ပြခဲ့သော်လည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ပါ။
KIO စစ်ဖက် ခေါင်းဆောင်များ အကြား လာမည့် ရက်ပိုင်းအတွင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်စိုးဝင်းနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု သိရသည်။
စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း KIO နှင့် စစ်တပ် ခေါင်းဆောင်တို့နှင့် အနည်းဆုံး ၈ ကြိမ်ခန့် တွေ့ဆုံခဲ့ ကြသည်။
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု၊လူမှုရေး အဖွဲ့အစည်းများနှင့် KIO မှ ကိုယ်စားလှယ် ၃၂၄ ဦးတို့အကြား ယခုလ ၅ ရက်နေ့၌ ပြုလုပ်သည့် အစည်းအဝေး ကလည်း နယ်ခြားစောင့်တပ် BGF အစား၊ ကချင်ဒေသ လုံခြံုရေးတပ် KRGF သာ လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်။
ယခုလ ၉ ရက်နေ့၌ KIO နှင့် စစ်ဖက်ရေးရာ လုံခြံုရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံခဲ့ရာ သူက ကချင်အဖွဲ့အား နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းမှုကို လာမည့်လ နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောဆိုခဲ့သည်။
KIO မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ခေါင်းဆောင် ၆ ဦးသည် ယခု လဆန်းပိုင်းတွင် အဖွဲ့မှ နုတ်ထွက်ကာ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်နိုင်ရေးအတွက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ဖွဲ့စည်းရန် စီစဉ်နေသည်။