မန္တလေးမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူအချို့သည် အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားပင်မ သပိတ်စစ်ကြောင်း ရန်ကုန်မြို့သို့ ဝင်ရောက်မည့်အချိန်တွင် ဝန်းရံပူးပေါင်းရန် ဖေဖော်ဝါရီ ၁၈ရက်တွင် မန္တလေးမှ ရန်ကုန်မြို့သို့ ကားများဖြင့် သွားရောက်မည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး)မှ ကျောင်းသား တစ်ဦးက မဇ္ဈိမကို ပြောသည်။
''ကျွန်တော်တို့ နောင်တော်ကြီးတွေ သူငယ်ချင်းတွေ ညီအစ်ကိုမောင်နှမတွေက ပညာရေးအတွက် တိုက်ပွဲဝင်နေတယ်။ ကျွန်တော်တို့က ဒီအတိုင်းထိုင်ကြည့်နေသလိုဖြစ်နေတယ်။ ပြည်သူအားလုံးကလည်း ပါဝင်နေတယ်။ ကျွန်တော်တို့ဘေး ထိုင်နေလို့မဖြစ်ဘူး။ အခုလိုသွားဖို့ ဘယ်သူကမှ မတိုက်တွန်းဘူး။ ကျွန်တော်တို့ အချင်းချင်းညှိပြီး လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပါ။ ကျွန်တော်တို့ကျောင်းနာမည်တွေ သုံးလို့ရတယ်။ ကျောင်းသူ၊ ကျောင်းသားနာမည်တွေကိုတော့ မသုံးစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိသွားရင် မလိုလားအပ်တဲ့ တားဆီးမှုတွေဖြစ်နိုင်တယ်။ ဒီကနေ ကိုယ့်အဖွဲ့လေးတွေနဲ့ ကိုယ်သွားကြမယ်။ ဟိုရောက်မှပြန်စုမယ်။ ဒါကြောင့် ကြိုပြီးသွားတာပါ''ဟု ၄င်းကျောင်းသားက ပြောသည်။
ပင်မသပိတ်စစ်ကြောင်းသို့ သွားရောက်ဝန်းရံမည့် ကျောင်းသူ ကျောင်းသားများမှာ ၃ဝဝခန့်ရှိမည်ဖြစ်ပြီး ပုံစံအမျိုးမျိုးဖြင့် ရန်ကုန်မြို့ကိုသွားမည် ဖြစ်သည်။
''ကျွန်မတို့အချင်းချင်း ချိတ်ပြီးစာရင်း ကောက်ကြတာပါ။ အပြင်လူမပါဘူး။ တချို့လည်း စာရင်းပေးထားတာမရှိ ဘူူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားကြမယ့်သူငယ်ချင်းတွေလည်းရှိတယ်။ အခုလိုအသိမခံဘဲ လုပ်တာဟာ ကြောက်လို့ မဟုတ်ဘူး။ ဒါမျိုး ဘာကြောင့်လုပ်ရလဲဆိုရင် ရန်ကုန်မှာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရမယ်ဆိုရင် ကျွန်မတို့ ဒီကသွားတဲ့သူတွေက အရန်စစ်ကြောင်းအဖြစ်နဲ့ လက်ဆင့်ကမ်းချီတက်ဖို့ အားလုံးသဘောတူထားတယ်'' ဟု ရတနာပုံမှ ကျောင်းသူတစ်ဦးက ပြောသည်။
ယခုလို အသိမပေးဘဲ စီစဉ်နေခြင်းသည် အချို့မိဘများနှင့် ဆရာများက စိုးရိမ်ပြီး မလွှတ်မည်စိုးခြင်းနှင့် သက်ဆိုင်ရာက တားဆီးမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ကျောင်းသူ၊ ကျောင်းသားများက ဆိုသည်။
ပင်မသပိတ်စစ်ကြောင်းကို သွားရောက်မည့် ကျောင်းသူကျောင်းသားများသည် ဖေဖေါ်ဝါရီလ ၁၈ရက်နေ့၊ ညနေ ရထားဖြင့် ရန်ကုန်မြို့ကို သွားကြမည်ဖြစ်သည်။