ဝန်ကြီးများရုံးကို ပြတိုက်လုပ်ကိုင်ရန် ခွင့်ပြုချက်ကျသော်လည်း ကန့်ကွက်မှုများကြောင့် လုပ်ငန်းစနိုင်မည် မဟုတ်သေး

ဝန်ကြီးများရုံးကို ပြတိုက်လုပ်ကိုင်ရန် ခွင့်ပြုချက်ကျသော်လည်း ကန့်ကွက်မှုများကြောင့် လုပ်ငန်းစနိုင်မည် မဟုတ်သေး
by -
မဇ္စျိမ

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် လုပ်ကိုင်ရန် ခွင့်ပြုချက်ကျပြီး ဖြစ်သော်လည်း ကန့်ကွက်မှုများ ရှိနေသဖြင့် လုပ်ငန်းစတင်နိုင်မည် မဟုတ်သေးဟု Anawmar Art Group ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းထွန်းက မဇ္ဈိမကို ဇန်နဝါရီ ၂ဝ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလနှင့် အနော်ရထာလမ်း၊ သိမ်ဖြူနှင့် ဗိုလ်အောင် ကျော်လမ်းတို့အကြားရှိ ဝန်ကြီးများရုံးကို Anawmar Art Group အား BOT စနစ်ဖြင့် ငှားရမ်း၍ ပြတိုက် အပါအဝင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြန်မာ့ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် MIC က ခွင့်ပြုလိုက်ပြီး ဖြစ်သည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Yangon-Minister-Office

ခွင့်ပြုချက်ကိုမူ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ဘုတ်အဖွဲ့များ ပါဝင်ဆောင်ရွက်သည့် ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သော အစည်းအဝေး ၁/၂ဝ၁၅ ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။ ၎င်းလုပ်ငန်းနှင့်အတူ အခြားသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ဝ ကိုလည်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းက "ခွင့်ပြုချက်က ကျထားပေမယ့် ကန့်ကွက်မှုတွေ ရှင်းလင်းသွားတဲ့အချိန် ကျတော့မှ လုပ်ငန်းစဖြစ် မှာပါ။ အဲဒီတော့ ဘယ်တော့ စနိုင်မလဲဆိုတာ မှန်းရခက်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အများ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ လုပ်ဖို့စိတ်ကူးတာပါ" ဟု ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ဝန်ကြီးများရုံးကို ပုဂ္ဂလိကသို့BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ရန် ခွင့်ပြု လိုက်ပြီးနောက်ပိုင်း ရှေ့နေများအဖွဲ့များနှင့် အခြားသော လူမှုအဖွဲ့အစည်းများ၏ ကန့်ကွက်ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။

ဝန်ကြီးများရုံးကို ၎င်းနှင့်သက်ဆိုင်သည့် ပြခန်းများပြသမည့် ပြတိုက်နှင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုများ လုပ်ကိုင်မည့်နေရာ အဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားသော်လည်း ကန့်ကွက်မှုများ ရှိနေသဖြင့် အကောင်အထည်ဖော်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ဦးသိန်းထွန်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံရှိ သက်တမ်း နှစ် ၁ဝဝ ကျော်ရှိ ရှေးဟောင်းဝန်ကြီး ဌာနရုံးများအနက် ကုန်သွယ်ရေး ကော်ပိုရေး ရှင်း (အမှတ်-၅) ရုံးဟောင်းနှင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရုံးဟောင်းတို့ကိုလည်း ဟိုတယ်များ လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုထားပြီး ဖြစ်သည်။

ထိုသို့ခွင့်ပြုရာတွင် ကုန်သွယ်ရေးကော်ပိုရေးရှင်း (အမှတ်-၅) ရုံးဟောင်းကို Apple Three ကုမ္ပဏီနှင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရုံးဟောင်းကို Inle Lake View ကုမ္ပဏီနှင့် ချိုဇော်ဆောက်လုပ်ရေး ကုမ္ပဏီတို့က လုပ်ကိုင်ခွင့် ရရှိထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (စွမ်းအင်) ရုံးဟောင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ရုံးဟောင်း နှစ်ခုသည် တင်ဒါခေါ်ယူခဲ့သော်လည်း မူလပိုင်ဆိုင်ကြောင်း အထောက်အထား ရှာဖွေနိုင်ခြင်း မရှိခဲ့သဖြင့် နိုင်ငံတော်ကသာ ဆက်လက်စီမံရန် ထားရှိခဲ့ခြင်းဖြစ်သည်ဟု DICA က ထုတ်ပြန်ထားသည်။