ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေအတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်မှုများ ရှိနေသဖြင့် ဒုက္ခသည်စခန်း နှစ်ခုမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကာ နိုင်ငံတကာ ကူညီထောက်ပံ့မှုလည်း ရပ်တန့်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူနှင့် စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက် ညနေတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နယ်မြေရှိ အစိုးရ၏ ခမရ တပ်ရင်း ၄၃၇ မှ လက်နက်ကြီးဖြင့် ပတ်ခတ်မှု ရှိခဲ့သလို၊ နိုဝင်ဘာလ ၂၃ ရက်တွင်တွင်လည်း လိုင်ဇာမြို့၏ အနောက်ဘက်ရှိ ခယာဘွမ် (Hka Ya Bum)၊ ဖုန်းပျဉ်ဘွမ် (Hpun Pyen Bum) ရှိ အစိုးရ၏ စစ်တပ် တပ်ရင်း ခမရ ၃၈၉ နှင့် ခလရ ၅၆ တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ၉ ကြိမ်ထိ ပစ်ခတ်မှုများရှိခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။
“အခုလို လက်နက်ကြီးနဲ့ ကြိမ်ဖန်များစွာ ပစ်လာတဲ့အခါမှာ ကျနော်တို့ဘက်က မခံနိုင်ပြီးတော့ ပြန်လည် ပတ်ခတ်တာ မျိုးလုပ်မယ်ဆိုရင်တော့ သူတို့ စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန်လုပ်လာမယ်ဆိုတဲ့အနေ အထား တွေ့ရတယ်။ ဒါပေမဲ့ အခု ပစ်ခတ်တာတွေက အဝေးကနေ ၅ မိုင် ၆ မိုင်ဝေးနဲ့ နေရာကနေ ပစ်တယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း အဲဒီလောက်ဝေးတဲ့နေရာကို ပြန်ပြီး ပစ်ခတ်ဖို့က လောလောဆယ် အခြေအနေ မပေးသေးဘူး။ သူတို့ ပစ်ရင်လည်း ကျနော်တို့လည်း နေရုံဘဲ ရှိတာကိုး” ဟု ဦးလာနန် က ပြောသည်။
မြစ်ကြီးနားနှင့် ဗန်းမော်ကားလမ်းပေါ်ရှိ ကျေးရွာများတွင်လည်း ညနေ ၆ နာရီမှစတင်၍ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက ပစ်ခတ်မည်ဟု အစိုးရ စစ်တပ်က သတိပေး ပြောဆိုမှုများ ရှိသဖြင့် စစ်မြေပြင်ဟု သတ်မှတ်သည့် သဘောရှိနေကာ စစ်ရေးပြင်ဆင်မှု ရှိနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။
မိုးမောက်မြို့နယ် ဘွမ်ကထောင် (Bum Kahtawng) ကျေးရွာနှင့် မိုင်ကျူ (Mai Chyu) ကျေးရွာများအတွင်း အစိုးရ၏ လက်နက်ကြီး ကျရောက်သဖြင့် ထိုနေရာမှ ၅ မိုင်ကျော်ကွာအဝေးရှိ အင်ခေါင်းပါ (N’Hkawng Pa) စခန်းသို့ တိမ်းရှောင်ရန် နိုဝင်ဘာလ ၂၄ ရက်က KIO ဗဟိုက ညွန်ကြားထားသည်ဟု KIO ၏ ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီ တာဝန်ခံ အရပ်ဘက် အရာရှိ ဆလန်ကဘား ဒွဲပီဆာ က ပြောသည်။
ဘွမ်ကထောင်ရွာ (Bum Kahtawng) တွင် အိမ်ခြေ ၃၀ ခန့်နှင့် မိုင်ကျူရွာ (Mai Chyu) တွင် အိမ်ခြေ ၂၀ ခန့်မှ အနည်းဆုံး လူဦးရေ ၂၀၀ ကျော်ရှိမည်ဟု သူက ခန့်မှန်းသည်။
“အခုလက်နက်ကြီး ကျတော့ ဒီနေ့တော့ အင်ခေါင်းပါ (N’Hkawng Pa) ကို ပြောင်းဖို့ ပြောထားတယ်။ အင်ခေါင်းပါ (N’Hkawng Pa) ဒုက္ခသည် စခန်းကိုလည်း အခြေအနေ စောင့်ကြည့်ပြီး သတိနဲ့နေကြဖို့ ပြောထားတယ်။ ဒုက္ခသည်တွေက ကြောက်နေကြတယ်” ဟု သူက ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လက အစိုးရ စစ်တပ်နှင့် KIO တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော မိုးမောက်မြို့နယ် ဆန်ဂန်ကျေးရွာ၊ ဂေါင်ရီကရွန်ဒေသဘက်မှ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသော အင်ခေါင်းပါ (N’Hkawng Pa) ဒုက္ခသည်စခန်းသို့ တိမ်းရှောင်မည် ဖြစ်ရာ ထိုစခန်းတွင် မူလ စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေသည်ဟု သူက ဆိုသည်။
လိုင်ဇာဒုက္ခသည် စခန်းများသည် လုံခြံုရေး စိုးရိမ်ရသဖြင့် အပြင်မထွက်ရန် ညွန်ကြားထားကြောင်း ဆလန်ကဘား ဒွဲပီဆာ က ပြောသည်။
“အစိုးရရဲ့ လက်နက်ကြီး ရောက်နိုင်တဲ့ နေရာတွေဘဲ ဖြစ်နေလို့ ဒုက္ခသည်စခန်းအားလုံးက လုံခြံုမှုမရှိတော့ဘူး။ အခုက အစိုးရပစ်တာဘဲ။ ကျနော်တို့ ကေအိုင်အိုတွေ ပစ်တာ မရှိဘူး။ ကျနော်တို့ ပစ်ခတ်လိုက်ရင် စစ်ပွဲဖြစ်မဲ့ အခြေအနေ ရှိတယ်” ဟု သူက ပြောသည်။
မြစ်ကြီးနားမြို့မှ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများက အောက်တိုဘာလ ၂၇ ရက်မှ ယနေ့ထိ လိုင်ဇာဒုက္ခသည်များအား လူသားချင်းစာနာမှု ပစ္စည်းများ ထောက်ပံ့ရမည်ဟု ပြောဆိုခဲ့သော်လည်း အစိုးရ ခွင့်ပြုချက် မရသဖြင့် လာမည့် ဒီဇင်ဘာလ ၃ ရက်တွင် လာရောက်မည်ဟု ရွှေ့ဆိုင်းထားသည်ဟု ဆလန်ကဘား ဒွဲပီဆား က ပြောသည်။
နိုဝင်ဘာလ ၁၉ ရက်က လိုင်ဇာဌာနချုပ်အနီး ခရာဘွမ်တောင်ရှိ အစိုးရ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIO ၏ ဗိုလ်လောင်းသင်တန်းကျောင်းသား ၂၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦးကိုလည်း ယနေ့ထိ လိုင်ဇာ စစ်ဆေးရုံတွင် အချိန်ယူ၍ ဆေးဝါးကုသမှု ခံယူနေဆဲ ဖြစ်သည်ဟု ဦးလာနန် က ပြောသည်။
လက်ရှိ KIO ဗဟိုက အစိုးရ စစ်တပ်အား သွားရောက် ပစ်ခတ်ခြင်း မပြုရန် ညွန်ကြားထားသော်လည်း အစိုးရ၏ ပစ်ခတ်မှုအပေါ် KIO က တန်ပြန် ပစ်ခတ်လိုက်ပါက တိုက်ပွဲ ဖြစ်လာရန် အစိုးရဘက်မှ ဖန်တီးနေသည်ဟု သူက ပြောသည်။
ကေအိုင်အေ (ကချင်) အဖွဲ့အနေဖြင့် လက်အောက်အဖွဲ့များအား ထိန်းသိမ်းကြပ်မတ်မှုမရှိဘဲ ဒေသအတွင်း စစ်ရှိန်မြင့်မားစေသော လုပ်ရပ်များတိုးမြှင့်လုပ်ဆောင်လာသဖြင့် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ ထိခိုက်ဒါဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း နိုဝင်ဘာလ ၂၁ ရက်က တပ်မတော်က ထုတ်ပြန်ထားသည်။