အစိုးရ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော်၏ ဗိုလ်သင်တန်းကျောင်းအား ပစ်ခတ်မှုနှင့် ပြည်ထောင် စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလာမည့် ၂၀၁၅ ရွေးကောက် ပွဲ နောက်ပိုင်းမှ သာ ပြင်ဆင်မည်ဟု ပြောဆိုမှု တိုက်ဆိုင်နေသဖြင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းကြံစည်မှုဟု ယူဆကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်တွင် ကြေငြာချက်ထုတ်လိုက်သည်။
နိုဝင်ဘာ ၁၇ ရက်က သူရဦးရွှေမန်းက မီဒီယာများနှင့် တွေ့ဆုံစဉ် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ လက်ရှိ ဖွဲ့စည်းပုံနှင့်သာ ကျင့်သုံးပြီး ဖွဲ့စည်းပုံအသစ်ကို ရွေးကောက်ပွဲနောက်ပိုင်းမှသာ ကျင့်သုံးနိုင်မည်ဟု ပြောဆို အပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်တွင် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာရှိ ဗိုလ်လေင်းသင်တန်းကျောင်းအား အစိုးရတပ်က ၁၀၅မမ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ၂၃ ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရရှိထားသည်။ ယင်းဖြစ်ရပ်နှစ်ခုမှာ စစ်ရေးနိုင်ငံရေး ပူးပေါင်းကြံစည်သည့် သဘော သက်ရောက်သည်ဟု UNFC ၏ တွဲဘက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ဒါက နိုင်ငံရေးကို တင်းတင်းမာမာဆက်ဆံတဲ့ သဘောဖြစ်တာကိုး၊ တစ်ချိန်တည်းမှာပဲ အပစ်ရပ်မယ်ဆိုတဲ့ အဖွဲ့တွေကိုလည်း အပစ်ရပ် စကားပြောနေတဲ့အချိန်မှာပဲ အလစ်ဝင်ပြီးတော့ ခုခုံဖို့အလားလာမရှိတဲ့အချိန်မှာ လာပြီး ပစ်တယ်ဆိုတော့ ဒါတစ်ဖက်က စစ်ရေးအင်အား သာလွန်မှုကို အသုံးပြုပြီးတော့ အနိုင်ကျင့်သလို ဖြစ် တာပေါ့။ ဒါကြောင့် စစ်ရေးအရ နှိပ်ကွပ်ဖို့၊ နိုင်ငံရေးအရ ဟန့်သားဖို့များလား ဆိုပြီးတော့ ကျွန်တော်တို့ အဲဒီလို ထုတ်ရတာ ဖြစ်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
နိုဝင်ဘာ ၁၉ရက်က ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှု ပျက်ပယ်သွားခြင်း မရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ကိုမူ အဟန့်အတားဖြစ်စေနိုင်သည်ဟု ဆိုသည်။ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မည်ဆိုပါက အစိုးရ စစ်တပ်က စစ်ဆင်မှုများ ရပ်တန့်ရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။
ယင်းဖြစ်ရပ်ကို ကေအိုင်အိုကလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ကေအိုင်အေ ဌာနချုပ်နှင့် နီးကပ်စွာ ဖြန့်ကျက်ထားသည့် ခရာဘွမ်တောင်ကြောတစ်လျောက် လက်နက်ကြီးများနှင့် တပ်စခန်းများ ဖယ်ရှားပေးရန် တောင်းဆိုကာ နိုဝင်ဘာ ၂၀ရက်က ကြေငြာချက်ထုတ်လိုက်သေးသည်။
“ဒီလိုဖြစ်စဉ်ဟာ တစ်ဖက်မှာ ငြိမ်းချမ်းရေး လမ်းကြောင်းကို သွားနေပေမယ့် စစ်ရှိန်ကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ဒီလိုမျိုး ပစ်ခတ်မှုဟာ ကေအိုင်အို ဗိုလ်သင်တန်းကြောင်းကို ရည်ရွယ်ချက်ရှိရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်လာမှု အပေါ်မှာ ကျွန်တော်တို့ ကေအိုင်အို ဗဟိုကနေ ပြင်းပြင်းထန်ထန် ရှုပ်ချတယ်”ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
သို့သော် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမူ ပယ်ဖျက်ရန် ဆန္ဒမရှိဘဲ ကေအိုင်အိုအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တွေ့ဆုံကာ အဖြေရှာသည့် လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ကော်မတီ (MPC)မှ ဦးလှမောင်ရွှေကလည်း “ကျွန်တော်တို့ ပဋိပက္ခတွေ ဖြေရှင်းတဲ့ နေရာ မှာတော့ ခုနလို စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ကြံုနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျှော့ချပြီးတော့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာ အဖြေရှာပြီးတော့ ရတဲ့အဖြေကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ် ထင်ပါတယ်။ ”ဟု မဇ္စျိမကို ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအတွက် ဒီဇင်ဘာ လဆန်းပိုင်းတွင် ထပ်မံဆွေးနွေးရန် စီစဉ်ထားသည်။ သို့သော် ယခုဖြစ်ရပ်ကြောင့် ဆွေးနွေးမှု နှောင့်နှေးနိုင်သည်ဟုလည်း NCCT အဖွဲ့ခေါင်းဆောင် ၁ နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
ကေအိုင်အိုဗိုလ်သင်တန်းကျောင်းမှ ရဲဘော်များ ကျဆုံးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)ကလည်း နိုဝင်ဘာ ၂၀ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ ယင်းကြေငြာချက်၌ ABSDFမှ သင်တန်းသား ရဲဘော်နှစ်ဦးအပါအဝင် ဗိုလ်လောင်း ၂၃ဦး ကျဆုံးမှုမှာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကြီးအကျယ်ထိခိုက်စေသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက်များ မဖြစ်စေရန် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။
နိုဝင်ဘာ ၂၀ရက်တွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှု ရှိမရှိ သတင်းမရရှိသေးသော်လည်း အစိုးရ စစ်တပ်က လိုင်ဇာဗဟိုဌာနချုပ်အနီး လက်နက်ကြီးများနှင့်အတူ စစ်အင်အားအလုံးအရင်း တိုးမြှင့်ထားသလို၊ ရှမ်းပြည်နယ် လားရှိုးဘက်တွင်လည်း လက်နက်ကြီး သယ်ဆောင်လာသော ယဉ်တန်းများ တက်လာသည်ဟု သိရကြောင်း ဦးလနန်က ဆိုသည်။