စစ်တွေတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်များ နေရာတွင် ခေတ်မီ လူတင်ကား အသေးစားများဖြင့်ပြောင်းလဲပြေးဆွဲရန် ပထမအသုတ်အနေဖြင့် သုံးဘီးဆိုင်ကယ်အစီး ၅ဝ ကျော်သဘောတူလက်ခံလိုက်ပြီဖြစ် ကြောင်း စစ်တွေမြို့နယ် သုံးဘီးဆိုင်ကယ် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင်က ပြောသည်။
“ပြောင်းလဲပြေးဆွဲမယ့် သုံးဘီး ဆိုင်ကယ်စီးရေ ၅၄ စီးစာရင်းကို ဒီလ ၈ ရက်နေ့က ဝန်ကြီးချုပ်ဆီတင်ပြ လိုက်ပြီ” ဟု ဦးညွန့်မောင်က နိုဝင်ဘာ ၉ ရက်နေ့တွင် နိရဥ္စရာသို့ ပြောသည်။
မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်ဟုဆိုကာစစ်တွေတွင်ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်များနေရာတွင် Hi Jet နှင့် Suzuki စသည့် ကားအမျိုးအစားများဖြင့် အစားထိုးပြေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဦးမောင် မောင်အုန်းက ယခုနှစ် သြဂုတ်လမှ စတင်စီစဉ််ခဲ့ခြင်းဖြစ်သည်။
ယင်းသို့စီစဉ်ရာတွင် စစ်တွေရှိသုံးဘီးဆိုင်ကယ်များအနက် စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေကြသည့် သုံးဘီးဆိုင်ကယ်များအား ပထမဦးစားပေးအဖြစ်ပြေးဆွဲရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သုံးဘီးဆိုင်ကယ်သမားများ၏ ပြောဆို ချက်အရ သိရသည်။
“ကားနဲ့ဆိုရင်တော့ ပိုပြီး safe ဖြစ်တာပေါ့”ဟု စစ်တွေတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာအထူးပြုကျောင်း သားတစ်ဦးက မှတ်ချက်ပြုသည်။
ပြောင်းလဲပြေးဆွဲမည့်ကားတစ်စီး၏ပျဉ်းမျှတန်ဘိုးမှာ ကျပ်သိန်း ၆ဝ ကျော်ရှိပြီး ပြည်နယ်အစိုးရက ကျပ်သိန်း ၁ဝ ကို သုံးဘီးသမားများအား ကူညီပံ့ပိုးပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုပြောကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကားတစ်စီးတန်ဘိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို ပထမအသုတ်ပေးသွင်းရာမှာဖြစ်ပြီး ကျန်ငွေတွေကိုတော့ ၃၆ လ (၃နှစ်)အတွင်း အတိုးနှုန်းနဲ့ ပေးသွင်းရမယ်လို့ ဝန်ကြီးချုပ်က ပြောထားတယ်”ဟု သုံးဘီး သမားတစ််ဦးက ဆိုသည်။
သို့သော် တစ်လလျှင် အတိုးနှုန်းမည်မျှပေးရမည်ဆိုသည်ကို ဝန်ကြီးချုပ်က ယခုအချိန်ထိ သုံးဘီး သမားများအား ပွင့်ပွင့်လင်းလင်း ပြောကြားထားခြင်းမရှိသေးဟု သိရသည်။
စစ်တွေတွင် သုံးဘီးဆိုင်ကယ်စီးရေပေါင်း ၁ဝဝဝ ခန့်ရှိပြီး စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာ တက္ကသိုလ်၊ စစ်တွေမြို့တွင်းနှင့် မြို့တွင်းမှ ရေချမ်းပြင်၊ မြို့တွင်းမှ ပါဒလိတ်စသည့်နေရာများသို့ ပြေးဆွဲဲလျက် ရှိသည်။
ယင်းအနက် စစ်တွေတက္ကသိုလ်သို့ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ် ၁၂၁ စီးနှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် ရဝ ခန့်ရှိကြောင်း သုံးဘီးဆိုင်ကယ်အသင်းထံမှ သိရသည်။