ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းပွဲတရပ်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် ကျင်းပခဲ့ရာပြည်သူလူထု ၁၄၀၀ ကျော် တက်ရောက်ခဲ့သည် ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
ဆုတောင်းခြင်းနှင့် လူထုရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ခန်းမတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ ပြုလုပ်ခဲ့ရာ ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ မတရား ဖမ်းဆီးခံရမှုကိုကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်၊ ရွှေစက်နှစ်ခြင်းအသင်းတော် ဥက္ကဌ ဆရာမခါလဆမ်၊ အကျဉ်းသားနှစ်ဦး၏ မိသားစုများနှင့် ရှေ့နေ ဦးဂျီမာခါးက သူတို့နှစ်ဦး မတရား ဖမ်းဆီးခံထားရမှုကို လူထုအား ရှင်းလင်းခဲ့ပြီးနောက် ဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပထမ အစီအစဉ်မှာ မိသားစုတွေ၊ ရွှေစက်က ဘာသာရေးဆရာတွေက အမှုနဲ့ပတ်သက်လို့ ရှင်းပြတယ်။ ပြည် သူတွေဘက်က မေးခွန်းတွေ မေးတာတွေရှိတယ်။ အခု အိုဘားမားရောက်တဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်။ အဲဒီမှာ ပါဖို့ မျော်လင့်ခဲ့တာ။ အခုအခြေအနေအရဆိုရင် ဘာမဟုတ်တဲ့ လူတွေကိုတောင် လွှတ်ပေးတယ်။ မတရားဖမ်းဆီးခံရတဲ့လူတွေက နိုင်ငံတော်အဆင့်ကနေ တမင်လုပ်တဲ့ သဘောပဲ” ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
လာမည့် နိုဝင်ဘာလ ၁၂ နှင့် ၁၃ ရက် နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက် ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား မလာမီ သမ္မတ ဦးသိန်းစိန် အစိုးရက နို်င်ငံရေး အကျဉ်းသားများကိုလုပ်ပေးရန် ရှိသော်လည်း ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ လွှတ်ပေးမည့် အခြေအနေ မရှိသေးကြောင်း သူက ဆိုသည်။
ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ချမှတ်ထားသော ထောင်ဒဏ် ၂ နှစ်ကို ပယ်ဖျက်လိုက်ပြီး ဖောက်ခွဲမှုဖြင့် ဦးဘရန်ရုန်း (Brang Yung) ကို ထောင်ဒဏ် ၁၉ နှစ်နှင့် ဦးလဖိုင်ဂမ် (Lahpai Gam) ကို ၁၈ မှုတို့ဖြင့် ချမှတ်ထားသည်ဟုနိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် မြန်မာအလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့အား လွှတ်ပေးခြင်းမရှိခြင်းမှာ သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု တိုင်းရင်းသားများ ပြိုကွဲစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
“သူတို့ကို ဘာကြောင့် လွှတ်ပေးလို့ မရတာလဲ။ ဦးသိန်းစိန်ရဲ့ လက်သုံးစကား ဒို့တာဝန် အရေးသုံးပါးက တိုင်းရင်း သားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေးဆိုတာ ပြောနေတယ်။ အခုလို ဆက်လုပ်နေမယ် ဆိုရင်တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်တာလည်း သူဘဲ။ သူပြောတာနဲ့လုပ်တာ မကိုက်ညီဘူး။ ဖြစ်လာတဲ့ ပြဿနာတွေလည်း သူ့တာဝန်ရှိတယ်လို့ဘဲ ပြောချင်တယ်” ဟု သူက ဆက်ပြောသည်။
ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန်နှင့် ၄င်းတို့နှစ်ဦး လူ့အခွင့်အရေးချိုးဖောက်ခံရသကဲ့သို့ ကချင်ပြည်နယ် သူ/သားများ ဆက်လက် မကြံုရစေရန် ရည်ရွယ်၍ လူထုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟုသိရသည်။
သူတို့နှစ်ဦးအား မတရားဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များထံသို့ စာရေးသား တောင်းဆိုခဲ့သလို၊ အောက်တိုဘာလ ၁၃ ရက်ကလည်းကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က လက်မှတ် ရေးထိုး၍ သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုခဲ့သည်။
ထို့ပြင် သူတို့နှစ်ဦးလွှတ်မြောက်ရေးအတွက် လူထုအခန်းကဏ္ဍကိုလည်း သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်က "ဒီတခေါက် နှစ်ခြင်းအဖွဲ့ပဲမဟုတ်ပဲ ရှိသမျှခရစ်ယာန်တွေအားလုံး စုပေါင်းပြီး အင်တိုက်အားတိုက် ဆန္ဒထုတ်ဖော်ကြရန်" သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေရာမှ သူတို့၏ သားသမီးများ၏ ကျောင်းစရိတ် ရှာရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာမှ အစိုးရစစ်တပ်၏ ခလရ ၃၇ တပ်ဖွဲ့များ KIA အဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အစိုးရတပ်ဖမ်းဆီးခံရသူများတွင် နွားပိုင်ရှင် ၃ ဦးအပါအဝင် အခြား ၂ ဦးလည်းပါ၀င်ပြီး စုစုပေါင်းနွား ၂၈ ကောင်နှင့် နွားပိုင်ရှင်များကို လွှတ်ပေးခဲ့သော်လည်း နေ့စားဖြင့် နွားမောင်းလိုက်သူ ၄ ဦးကို တာလောကြီးဘုန်းကြီးကျောင်းတွင်ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း မိသားစုများပြောသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ် (Lahpai Gam) ကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးဘရန်ရုန်း (Brang Yung) ကို ထောင်ဒဏ် ၂၁ နှစ်ထိ ထောင်ဒဏ်ချမှတ်ခဲ့သည်။