ခေါဇာမှ ပြန်ပေးဆွဲ ခံရသူ (၄) ဦးအား ကျပ်သိန်း (၄၀၀) ဖြင့် ပြန်လွတ်ပေး

ခေါဇာမှ ပြန်ပေးဆွဲ ခံရသူ (၄) ဦးအား ကျပ်သိန်း (၄၀၀) ဖြင့် ပြန်လွတ်ပေး
by -
ရွှေဟင်္သာ

မွန်ပြည်နယ် ရေးမြို့နယ်၊ ခေါဇာ မြို့နယ်ခွဲတွင် အမည်မသိ မွန်လက်နက်ကိုင်တပ် တစ်စုက ဖမ်းဆီးသွားခဲ့သည့် အရပ်သား (၄) ဦးကို ကျပ်သိန်း (၄၀၀) ဖြင့် ပြန်ရွေး ခဲ့ရကြောင်း အဖမ်းခံ ခဲ့ရသော အရပ်သား တစ်ဦး၏ ဆွေးမျိုး တော်စပ်သူ တစ်ဦးက ပြောသည်။

“အမျိုးတွေ တစ်ယောက် ချင်းစီ စုပြီး ပိုက်ဆံ ထည့်ပေး ရတယ်။ တစ်ယောက်သိန်း ၁၀၀ ကျတယ်။ အမျိုးတွေ လွတ်ဖို့ တော်တော် ခက်ခက်ခဲခဲ စုပြီး ပေးလိုက် ရတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့တွင် ခေါဇာ မြို့နယ်ရှိ ဘုန်ကြီးကျောင်း တစ်ကျောင်းတွင် မဟာဒုတ်ဆွမ်း ကျင်းပ နေစဉ် မွန်လက်ကိုင် တပ်ဖွဲ့ဟု ယူဆ ရသည့် တပ်ဖွဲ့သည် ဒေသခံ အမျိုးသမီး၊ အမျိုးသား ၅ ဦးကို ဖမ်းဆီး သွားကြောင်း ခေါဇာ မြို့နယ်ခွဲ ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီး သွားသည့် သူများ ထဲတွင် အမျိုးသမီး ၂ ဦး ပါ၀င်ပြီး ကလေးအမေ တစ်ဦး ကိုမူ ဖမ်းဆီး သွားပြီး နောက်တစ်ရက် စက်တင်ဘာ ၂၀ တွင် ငွေကြေး တောင်းခံခြင်း မရှိဘဲ  ပြန်လွှတ် ပေးခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

အခြား ခေါဇာ ဒေသခံ တစ်ဦး ကလည်း ထိုသို့ လာရောက်၍ ပြန်ပေး ဆွဲခဲ့စဉ် ရုန့်ရင်း ဆန်ခတ် ဖြစ်ပွားခြင်း မရှိ ခဲ့ပဲ ထိုလူများအား အသာ တကြည်ပင် ခေါ်ဆောင် သွားခဲ့ကြောင်း အတည်ပြု ပြောသည်။

“သူတို့ ဘုန်းကြီး ကျောင်းပေါ် တက်လာပြီး အသာ တကြည် ပုခုံးပုတ်ပြီး ခေါ်သွားတာပဲ၊ သေနတ်နဲ့ ချိန်တာ ဘာတာ တွေတောင် မရှိဘူး၊ ကွမ်းခြံ သူဌေးကြီးတွေ ရွေးပြီး ခေါ်သွားတာ ၊ ချမ်းသာတဲ့ လူတွေ ချည်းပဲ၊ အဲဒီလူတွေ ဆိုရင် ရွာမှာ ထိပ်တန်း မဟုတ် ရင်တောင် ၊ အတော်လေး ချမ်းသာ တယ်လို့ ပြောရမယ့် လူတွေ” ဟု အမည်မဖော်လိုသည့် ခေါဇာ ဒေသခံ တစ်ဦးက ဆိုသည်။

ထိုသို့ ဖမ်းဆီး သွားသည့် လက်နက်ကိုင် အဖွဲ့မှာ ချမ်းဒိန်း ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့ဟု ယူဆ ရကြောင်း မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အဲဒီ ဒေသမှာ လှုပ်ရှားတာ ဆိုလို့ ၊ ချမ်းဒိန်းတို့ အဖွဲ့ပဲ ရှိတယ်၊ ကျန်တဲ့ အဖွဲ့တွေ မရှိတော့ဘူး ၊ သူတို့ အဖွဲ့က အရင်တုန်းက ဆိုရင် အင်အား (၄၀) လောက် ရှိတယ်၊ အခု ဆိုရင်တော့ အင်အား (၁၀) ယောက် လောက်ပဲ ကျန်တော့တယ်၊ လွန်ခဲ့တဲ့ (၃) (၄) နှစ်လောက် တုန်းက သူတို့ အဖွဲ့က (၃) ဦးလောက် ကျနော်တို့ ထားဝယ် ခရိုင်မှာ လာပြီး လက်နက်ချ ဖူးတယ်” ဟု မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင် အရာရှိမှ ပြောသည်။

ချမ်းဒိန်း ဦးဆောင်သည့် အဆိုပါ လက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျံုကညာ ကျေးရွာ၊ မန်ကျည်း၊ ပေါက်ပင်ကွင်း၊ မိထောလှာကြီး ၊ မိထောလှာလေး စသည့် ကျေးရွာ များ၌ လှည့်လည်၍ ဆက်ကြေးများ ကောက်ခံခြင်း ၊ ဒေသခံ များအား ပြန်ပေးဆွဲခြင်း များအား ပြုလုပ်လျက် ရှိကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင် အရာရှိက ဆိုသည်။

ကျန်ရှိသူ ၄ ဦး ကို လွှတ်ပေးရန် အတွက် စက်တင်ဘာ ၂၄ တွင် ဖမ်းဆီး သွားသည့် အဖွဲ့က ကျပ်သိန်း ရ၀၀ ပေးရန် တောင်းဆို ထားခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျပ်သိန်း ၄၀၀ ပေး၍ ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီး သွားသည့် အဖွဲ့နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာက “အဲဒီ ဘက်ကို မွန်ပြည်သစ် တပ်ဖွဲ့တွေ မသွား လာဘူး။ အဲ့ဒီ အဖွဲ့တွေက ဓါးပြ လိုလိုနဲ့ လှုပ်ရှား နေတာ ကြာပြီ။ ကျတော် တို့လည်း လိုက်လို့ မရဘူး။ အစိုးရ ဘက်က လှုပ်ရှားနေတဲ့ ဂွင်ဆိုတော့ အစိုးရမှာ တာဝန် ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ အဖွဲ့သည် ရေးမြို့နယ် ပတ်ဝန်းကျင် အတွင်း လူအများကို ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းဖြင့် လှုပ်ရှား နေသည့် အဖွဲ့ တစ်ဖွဲ့ ဖြစ်ကြောင်း ဒေသခံ အချို့က ပြောဆို ထားပြီးယခု ခေါဇာ မြို့နယ်ခွဲတွင် ဖြစ်ပွား ခဲ့သည့်ကိစ္စကို မသိရှိ ရကြောင်းရေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သူတို့က မြို့နယ် သီးသန့် အုပ်ချူပ်တာ ဆိုတော့ ကျွန်တော်တို့နဲ့ ဝေးတယ်။ရေးမြို့နယ် ထဲမှာ ပါတယ်။ ဒါပေမယ့် မြို့နယ် မတူဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် တို့နဲ့ ဝေးတဲ့ အတွက် ဘာမှ မသိပါဘူး” ဟု၎င်းက ဖြေကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်းဒေးရှင်းမှ ညှိနှိုင်းရေးမှူး နိုင်အဲမွန်က ထိုနယ်မြေသည် အမည်းရောင် နယ်မြေ ဖြစ်သည့် အတွက် လုံခြံုမှုကို ဒေသခံများ စိုးရိမ် နေကြပြီး မွန်ခွဲထွက် အဖွဲ့များက ပြန်ပေးဆွဲ၊ ဆက်ကြေး တောင်းနေ မှုများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း ပြောဆိုသည်။

 
ခေါဇာ မြို့နယ်ခွဲ၌ပင် အစိုးရ၏ ခလရ (၃၁) တပ်ရင်းနှင့် ခေါဇာ မြို့နယ်ခွဲ ရဲခစန်း တို့လည်း တည်ရှိပါသည်။ ထို့အပြင် ရေး-ထားဝယ် လမ်းမကြီး ပေါ်ရှိ မလွှဲတောင်ခြေ ၌လည်း ခလရ (၂၉၉) တပ်ရင်းလည်း အခြေစိုက်လျက် ရှိကာ ရေးမြို့ ပေါ်၌မူ ခလရ (၆၁) တပ်ရင်းသို့ အခြေချလျက် ရှိနေသည့် ကြားမှ ယခု ကဲ့သို့ ခွဲထွက် တပ်ဖွဲ့ များမှ ဒေသခံ များအား ပြန်ပေး ဆွဲနေ မှုများ ဖြစ်ပေါ် နေခြင်းလည်း ဖြစ်သည်။

Most read this week