ကယား(ကရင်နီ)ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်စောင့်ကြည့်ရန်အတွက် ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee)သည် ယခုအချိန်အထိ အပြန်လှန် ညှိနှိုင်းဆောင် ရွက်မှုလုပ်ငန်းမပြု လုပ်နိုင်သေးကြောင်း ကရင်နီတပ်မတော်မှ ဗိုလ်မှူးကြီး ဘုန်းနိုင်က အောက်တိုဘာလ ရ ရက်နေ့တွင် ပြောကြားသွားသည်။
အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် အဓိကတပ်စခန်း နေရာချထားခြင်း များ ၊ တပ်နှင့်ဆက်နွယ်သည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိသေးသည့်အတွက်ကြောင့် လည်းကောင်း၊ အစိုးရဘက်မှလည်း အထက်အမိန့်မှမကျသေးသည့်အတွက်ကြောင့်လည်းကောင်း လုပ်ငန်း ဆောင်ရွက်မှု မပြုနိုင်သေးတာ ဖြစ်ကြောင်း ပြောသည်။
“ ကော်မတီအနေနဲ့ကတော့ ဘာမှမလုပ်နိုင်သေးဘူးပေါ့ ညှိနိုင်းဆောင်ရွက်တာတွေ မရှိသေးဘူး။ ဆွေးနွေး ထားချက်တွေ ကတော့ရှိပြီးတာပေါ့။ သူတို့ဘက်ကဘာမှ အမိန့်မကျလာသေးဘူးအဲလို ပြောတယ်လေး။ တပ်နဲ့ ပတ်သက်တာကတော့ အထက်က အမိန့်ပေးမှဆွေးနွေးနိုင်မယ်အဲလိုပြောထားတာပေါ့” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။
ကော်မတီကို ၂၀၁၃ အောက်တိုဘာလ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တွင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲအပြီးတွင် တဖက်လျှင် ၅ ဦးစီဖြင့် စုစုပေါင်း ၁၀ ဦး ကို သဘောတူ ဖွဲ့စည်းထားကြသည်။
၎င်းပူးတွဲစောင့်ကြည့်ရေးအဖွဲ့သည် ပြည်သူလူထု တစ်ဦးချင်းဖြစ်စေ ၊အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ တိုင်ကြား လာသည့် တိုင်ကြားစာများအားလုံးကို လက်ခံအရေးယူဆောင်ရွက်ပေးရန် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူထားကြပြီး ဖြစ်သည်။
“ ငြိမ်းချမ်းရေးတည်တ့ံအောင် စောင့်ကြည့်ရမှာ အင်မတန်မှ တာဝန်ကြီးပါတယ်။ ငြိမ်းချမ်းရေးကို ပါဝင်ဖို့ တာဝန်ရှိတယ်လို့ တာဝန်သိရင် တဆက်တည်းမှာနားလည်သဘောပေါက်စေချင်တယ်။ ချိုးဖောက်တဲ့သူရှိရင် တိတိကျကျ တိုင်ကြားပေးဖို့ လိုပါတယ်။” ဟု KNPP ဘက်မှ ကော်မတီဝင်တဦးဖြစ်သူ ရပ်မိရပ်ဖ ဦးမီရယ်မြင့်က ပြောသည်။
အရပ်ဖက်လူမှုအသင်းအဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာနိုင်ရန်အတွက် မည်သည့် အစိုးရ ၊ လက်နက်ကိုင်အဖွဲ့အစည်းမှ မမှီခိုဘဲ သီးသန့် ဖွဲ့စည်းထားကြသည့် အဖွဲ့လည်းရှိ နေပြီးဖြစ်သည်။
၎င်းအဖွဲ့မှာ ကယားပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ ( KSPMN ) ဖြစ်ပြီး အစိုးရဘက်မှ အသိအမှတ်မပြုထားကြောင်းသိရသည်။
ယခုအချိန်ထိ လူထုများတွင်းသို့ ကွင်းဆင်းအသိပညာပေးလျက်ရှိရာ လူထုများက အကြောက်တရားများ ရှိနေကြဆဲ ဖြစ်သည့်အတွက် လုပ်ငန်းသည်လည်း ထိရောက်မှုမရှိသေးကြောင်းသိရသည်။
KSPMN အဖွဲ့သည် အပစ်အရပ်လုပ်ထားစဉ်မှာ အစိုးရနှင့် KNPP တို့သဘောတူညီချက်များ စောင့်ကြည့်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ အပေါ် ဖြစ်ပေါ်တိုးတက်မှုများ စောင့်ကြည့်လေ့လာရန် ဖွဲ့စည်းထားသည့် ဒေသခံလူမှုအခြေပြုထားသည့် အဖွဲ့ဖြစ်သည်။
အစိုးရနှင့် KNPP တို့ နှစ်ဖက်ပါဝင်နေသည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ငြိမ်းချမ်းရေး လေ့လာ စောင့်ကြည့် သည့်လုပ်ငန်းအတွက် မဖြစ်သင့်ဘဲ ပြဿနာများကို ဖြေရှင်းပေးမည့်ကော်မတီသာလျှင်ဖြစ် သင့်ကြောင်း KSPMN အဖွဲ့မှ တာဝန်ရှိသူ ဆရာပလုရယ်က ပြောသည်။