ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှု တရုတ်က အဆိုးဆုံးဖြစ်နေဟု သစ်တောဝန်ကြီးဌာနပြော

ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှု တရုတ်က အဆိုးဆုံးဖြစ်နေဟု သစ်တောဝန်ကြီးဌာနပြော
by -
မဇ္စျိမ

ကချင်ပြည်နယ်၏ အဆိုးရွားဆုံးသစ်ခိုးထုတ်မှုမှာ တရုတ်ဘက်မှ ၀င်ရောက်ခိုးထုတ်နေခြင်းဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က မဇ္စျိမကိုပြောသည်။

“ငြိမ်းချမ်းမှု မရှိသေးတဲ့အတွက် သစ်တောဝန်ထမ်းတွေက ဒီနယ်မြေတွေမှာဆို ဖမ်းဆီးလို့မရဘူး။ အဆိုးဆုံး အချက်ကတော့ နယ်စပ်ဒေသဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့အတွက် ၀င်ရောက်ခိုးယူမှုတွေဖြစ်နေတယ်။ ငြိမ်းချမ်းမှု မရှိတဲ့အခါကျတော့ အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရတာ အရမ်းခက်တယ်” ဟု ၎င်းကဆိုသည်။

burmese teak

အဆိုပါဒေသတွင် သစ်ခိုးထုတ်မှုများကို ထိန်းချုပ်နိုင်ရန်ခက်ခဲခြင်းနှင့် သစ်မှောင်ခိုများကို ဖမ်းဆီးရန် ခက်ခဲရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လုံခြံုရေးအခြေအနေနှင့် ဒေသတွင်း ငြိမ်းချမ်းရေး အခြေအနေများကြောင့် ဖမ်းဆီးအရေးယူရန် အခက်အခဲဖြစ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပိတောက်တင်ပို့ခွင့်နှင့် သုံးစွဲခွင့်တားမြစ်ထားသည့် တမလန်းသစ်များတရုတ်ပြည်မှ ၀ယ်လိုအား အလွန်များ နေသည့် အတွက် မြန်မာနိုင်ငံတွင် အလွန်အကျွံ ခိုးယူမှုများနေရခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ ကာကွယ်မှုများရှိနေသော်လည်း ထိရောက်စွာတားမြစ်နိုင်ခြင်းမရှိကြောင်းလည်း ဒေါက်တာညီညီကျော်က ပြောသည်။

“သူတို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ ညှိနှိုင်းဆောင်ရွက်တာတွေရှိတယ်။ ဒါပေမဲ့ တရားမဝင် ခိုးယူမှုတွေကိုလည်း တရုတ်အစိုးရကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘူး။ အထူးသဖြင့် နယ်မြေမအေးချမ်းမှုကို အကြောင်းပြုပြီးဖြစ်ပွားနေတယ်” ဟု ၎င်းက ပြောသည်။

မြန်မာအစိုးရသည် သစ်တောဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုခေါ်ယူ၍ ယူနန်ပြည်နယ် အစိုးရနှင့် ညှိနှိုင်းကာ တားဆီးပေးရန် သစ်တောညွန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံသစ်တောဌာန ညွှန် ကြားရေးမှူးနှင့် တွေ့ဆုံကာ သစ်ခိုးထုတ်မှုများ တားဆီးပေးရေး ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းမှုများပြု လုပ်ခဲ့ပြီးဖြစ်သော်လည်း ထူးခြားမှုမရှိဟု ဒေါက်တာညီညီကျော်က ဆိုသည်။

ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလမိုင်ဂွန်ဂျာက “နယ်စပ်ဖြစ်တဲ့ ကချင်မှာ လာထားပြီး ဒီကနေတစ်ဆင့် တရုတ်ကိုသွားတာဆိုတော့ ကချင်ပြည်နယ်မှာ သစ်မှောင်ခိုမှု အများဆုံးဖြစ် လာတယ်ဆိုပြီး နာမည်ထွက်လာတာ” ဟု ပြောသည်။

မြန်မာပြည်မှ ထွက်ရှိသည့် တမလန်းသစ်များသည် နှစ် ၁၀၀ တွင်တစ်ကြိမ်သာခုတ်ခွင့်ရှိသော သစ်မာအမျိုး အစားဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Most read this week