သံတွဲတွင် ဖမ်းဆီးခံရသူများပြား

သံတွဲတွင် ဖမ်းဆီးခံရသူများပြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခတွင် ပါ၀င်ပတ်သက်သူများဟု သံသယ ရှိသူများကို လိုက်လံဖမ်းဆီးနေရာ ယခုအခါ ဖမ်းဆီးခံရသူဆယ်ဂဏန်း နီးပါးရှိသွားပြီဟု သိရသည်။

ယမန်နေ့ ညပိုင်းတွင် သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် နောက်ထပ်လူ (၅) ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

AP-Myanmar-Violence

သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ဦးမောင်ပု ကို ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းတယ်။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် သုံးယောက်လောက်လည်း အဖမ်းခံရတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်” ဟု ပြောသည်။

အဖမ်းဆီးခံရသူများမှာ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခ) ဦးစောလိူင်၊ သံတွဲမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းမှ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ အခြားသူများမှှာ  ကိုကျော်ကျော်၊ ကိုမြင့်မိုး အောင်၊ ကိုဝင်းကိုလေးတို့ ဖြစ်ကြသည်။

ဦးခိုင်ပြည်စိုးက “ ဌာနဆိုင်ရာတွေကို ဖုန်းဆက်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်တဲ့အခါ သူမသိ လို့ ဖြေပါတယ်။ သံတွဲမြို့နယ်မှူးဆီကို ဆက်တဲ့အခါမှာ သူ့ဆီကို မရောက်သေးဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ဟာ အကြောင်းပြချက်မရှိဘဲ ဖမ်းတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ သံတွဲမှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ကအခိုင်အမာ အထောက်အထားမရှိဘဲ ထင်မြင်ချက်နဲ့ဖမ်းတာဖြစ်နိုင် ပါတယ်” ဟု ပြောသည်။

သံတွဲမြို့ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူများက သံတွဲရဲစခန်းကိုသွားပြီးအဖမ်းဆီး ခံသူများ အား တွေ့ခွင့်တောင်းသော်လည်း ခွင့်မပြုသဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည် ကို မသိရသေးဟု သူကဆက်ပြောသည်။

သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူက “ သူတို့ကို ဖမ်းတဲ့ အကြောင်း မနေ့ည ၁၁ နာရီလောက်မှာ သိရပါတယ်။ ရဲအချုပ်မှာရှိတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့မသိရသေးဘူး”  ဟု ပြောသည်။

သံတွဲမြို့နယ်အတွင်း စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ဦးဆောင်ပါ၀င်သည် ဟု သံသယရှိသူများကို လိိုက်လံဖမ်းဆီးနေရာ ဖမ်းဆီးခံရသူအများစုမှာ  ရခိုင်အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။

ထိုပဋိပက္ခများအတွင်း လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ပျောက်ဆုံးနေသူတစ်ဦးရှိပြီး ပဋိပက္ခစတင် ဖြစ်ပွားရာတွင်ပါ၀င်ခဲ့သူ ကမန်အမျိုးသား ဦးကျော်ဇံလှနှင့် ရခိုင်လူငယ် ကိုညီညီလွှင်နှင့် ကိုကျော်မင်း ထိုက်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ယခုအခါ သံတွဲမြို့နယ်တွင် ပဋိပက္ခများထပ်မံမဖြစ်ပွားစေရန် သံသယရှိသူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးနေသည့်အပြင် လုံးခြုံရေးကိုလည်း အထူးတိုးချဲ့ချထားသည်ဟု သိရသည်။

Most read this week