သံတွဲပဋိပက္ခ ၅ ဦးသေ၊ ၄ ဦးဒဏ်ရာ၊ တစ်ဦးပျောက်ဆုံးနေ

သံတွဲပဋိပက္ခ ၅ ဦးသေ၊ ၄ ဦးဒဏ်ရာ၊ တစ်ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ နယ်ကျေး ရွာများသို့ ကူးစက်ပျံ့နှံ့သွားပြီး ယခုအခါ သေဆုံးသူ  (၅) ဦး၊ ဒဏ်ရာရသူ (၄) ဦး ရှိပြီး  (၁) ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

သံတွဲဆေးရုံသို့ အလောင်း (၅) လောင်းရောက်ရှိလာသည်ဟု  ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင် ကျော်လေးက နိရဥ္စရာသို့ ပြောသည်။

သံတွဲပဋိပက္ခဒဏ်ရာရသူ(NARINJARA)

“ကျွန်တော်တို့ သံတွဲဆေးရုံကို ဒဏ်ရာရတဲ့သူ ၄ ဦး နဲ့ အလောင်း ၅ လောင်းရောက်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ အလောင်း ၅ လောင်းကတော့ မူဆလင်တွေ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ၅ဦးမှာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာမှ ဖြစ်သည်ဟု ကမန်အမျိုးသားတဦးဖြစ်သူ ကိုဇော်ကြည်က နိရဥ္စရာသို့ ပြောသည်။

“ သေဆုံးသူက ၆ဦး ရဦး ရှိပါတယ်။ နာမည်တွေကတော့ အတိအကျ မသိရပါ။ သေတဲ့ သူတွေ ကလည်း မူဆလင်ဘက်ကပါ။ အဲဒီရွာတွေမှာ ဒဏ်ရာရသူတွေကလည်း မူဆလင်ဖက်ကပါ။ နှစ်ဖက် အပြန်အလှန် ဖြစ်တာ မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့တွေက ရွာကိုဝင်စီးပြီး မီးရှို့ဖျက်ဆီးရာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သေဆုံးသူ ၆ ဦး ရ ဦး ရှိသည်ဟု ပြောဆိုသော်လည်း သံတွဲဆေးရုံကို အလောင်း ၅ လောင်းသာ ရောက်ရှိလာသည်ဟု ကိုအောင်ကျော်လေးက ဆိုသည်။

သေဆုံးသူများမှာ ဒေါ်အေးကြည် (၉၄)နှစ်၊ အဒူမီယာ (၅၅)နှစ်၊ အဒူစမတ် (၈၅)နှစ်၊ ဦးခင်နိုင် (၄၅)နှစ်၊ မြင့်လွင် (၄၅)နှစ်တို့ ဖြစ်ကြသော်လည်း လူသေဆုံးမူနှင့်ပတ်သက်ပြီး သံတွဲရဲစခန်း၏ အတည်ပြုချက်မရရှိသေးပါ။

ဒဏ်ရာရရှိသူများမှာ ဆိုင်ကယ်ဖြင့် ခရီးသွားလာရာတွင် လမ်းခရီး၌ မူဆလင် ရွာသားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာရရှိ ခြင်းဖြစ်သည်ဟု ကိုအောင်ကျော်လေးက ပြောသည်။

“ ဒဏ်ရာရတဲ့သူ ရခိုင် ၄ ယောက်နဲ့ ပျောက်ဆုံးနေတဲ့ တစ်ယောက်ကတော့ နှင်းဆီရွာမှာ အရိုက်ခံရတာ ဖြစ်ပါတယ်။ သူတို့တွေက ခရီးသွားတွေပါ။  တောင်ကုတ်ကနေ သံတွဲကို ဆိုင်ကယ် ၃ စီးနဲ့လူငါးယောက် ဖြတ်လာတဲ့အခါ နှင်းဆီရွာက မူဆလင် လူအုပ်တွေက ဆိုင်ကယ်ကို ဖြတ်ရိုက် ကြတယ်။ ၄ ဦးက ဒဏ်ရာရပြီးတော့ တစ်ဦးပျောက်ဆုံး နေတယ်” ဟု ဆိုသည်။

နှင်းဆီမူဆလင်ကျေးရွာမှာ ရွှေလှေရဲစခန်း အနီးအနားတွင် တည်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ရဲများလာ ရောက်စဉ် လူအုပ်စုမှာ ထွက်ပြေးသွားကြသည်ဟု သိရသည်။

ဒဏ်ရာရရှိသူများမှာ ဦးသောင်းရွှေ အသက် (၄၀)နှစ် သင်းပန်းချိန်ရွာ တောင်ကုတ်မြို့နယ်၊ ဦးရန်နိုင် အသက် (၃၈)နှစ် အံတော်ရပ်ကွက် သံတွဲမြို့၊ ဦးမြသိန်း အသက် (၄၈)နှစ် ကျောက်ဖြူ၊ လင်းလင်းထွန်း အသက် (၂၆)နှစ် ဇီးဖြူကုန်းရွာ သံတွဲတို့ဖြစ်ကြပြီး ပျောက်ဆုံးနေသူမှာ မောင်မောင်ဝင်း (ခ) ဖိုးတာ အသက် (၂၀)တို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးအဖွဲ့နှင့် အခင်းဖြစ်ပွားရာအပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါ၀င်သော လုံခြံုရေးတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်က ပဋိပက္ခမပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်လျှက်ရှိရာ လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။

Most read this week