၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ
by -
နိရဥ္စရာ

လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင် လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်)  နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ရမ်းဗြဲဒေသခံ ကိုကျော်လွင်က နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းက ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ လျှပ်စစ်မီး တယူနစ်ကို  ၃၅ ကျပ်နဲ့ ခံစားနေရပြီးတော့ ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်မှာ ဆိုရင် တယူနစ် ၃၅ ကျပ်နဲ့ မခံစားရတဲ့ အပြင် လျှပ်စစ်မီးက တယူနစ်ကို ၆၀၀ နဲ့အပေါ်ထပ်ဆင့်ငွေဆိုပြီး တစ်လကို ငွေ ၅၇၅၀ိ ကျပ်နဲ့ သုံးစွဲနေရပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ ၃၅ ကျပ်နဲ့လျှပ်စစ်မီး သုံးစွဲခွင့်ရသလို ကျွန်တော်တို့ ရမ်းဗြဲမှာလည်း တယူနစ်ကို ၃၅ ကျပ်နဲ့ ၂၄ နာရီ မီးရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းက  ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ရမ်းဗြဲမြို့နယ်လူထုက ဦးဆောင်ပြီး ရမ်းဗြဲမြို့လယ် အောင်စေတီ ဘုရား ဓမ္မာရုံမှ ချီတက်လာပြီး ရမ်းဗြဲမြို့တွင်း ရပ်ကွက် ၆ ခုကိုလှည့်လည်ကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ရမ်းဗြဲမြို့ပေါ် လူထုအပါအဝင် အနီးအနား ပတ်ဝန်းကျင် ကျေးရွာများမှ လူပေါင်း ၃၀၀၀ ကျော် ပူးပေါင်း ပါ၀င်ခဲ့သည်ဟု ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင် လျှပ်စစ်မီး တစ်နစ်ကို ၃၅ ကျပ်ဖြင့် ရရှိရေး၊ ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး တို့ကို အဓိကထား တောင်းဆိုခဲ့ကြသည်ဟု သူကပြောသည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစုံတရာ ဆောင်ရွက် ပေးခြင်းမရှိပါက ဆန္ဒဖေါ်ထုတ်ပွဲအပြင် နည်းမျိုးစုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုကျော်လွင်က ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျွန်တော်တို့ ရမ်းဗြဲမြို့မှာ လျှပ်စစ်မီး တယူနစ်ကို ၃၅ ကျပ်နဲ့ သုံစွဲနိုင်အောင် တောင်းဆိုတာကို တကယ်လို့ မလိုက်လျော့ ဘူးဆိုရင် ဆက်ပြီး ဆန္ဒဖေါ်ထုတ်သွား မှာဖြစ်ပါတယ်။ ဒီလို ဆန္ဒဖေါ်ထုတ်တဲ့အခါမှာလည်း အခုလို လူထုတွေနဲ့ ဆန္ဒဖေါ်ထုတ်သလို သက်ဆိုင်ရာ ဌာနတွေကသိရှိအောင် နည်းမျိုးစုံဖြင့် ဆန္ဒ ဖေါ်ထုတ် သွားမှာ ဖြစ်ပါတယ်။

ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အတွက် ဆန္ဒဖေါ်ထုတ်ခွင့် ရရှိရေးကို ရမ်းဗြဲမြို့နယ်  အာဏာပိုင် များထံ စာရေးသား တောင်းဆိုခဲ့ရာ မီတာခ စျေးကြီး၍ ဒုက္ခရောက်နေကြရပြီး လျှပ်စစ်မီး ၂၄ နာရီ လိုချင် နေကြသော အာဏာပိုင်များကလည်း အလွယ်တကူ ဆန္ဒဖေါ်ထုတ်ခွင့် ပြုလုပ်ရန် စက်တင်ဘာ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်မှ ထွက်သောရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီရရှိရေးမှာ ရခိုင် ဒေသခံ များ၏ အခြေခံလိုအပ်ချက်တခုဖြစ်သည့်အပြင် လျှပ်စစ်မီး တယူနစ်ကို အခြားမြန်မာက ပြည်က မြို့များလို ပေးဆောင်ခွင့်ရရေးမှာလည်း တောင်းဆိုထိုက် တောင်းဆိုသင့်သော အလုပ်ဖြစ်သည်ဟု သူက ဆိုသည်။

လျှပ်စစ်မီး တစ်ယူနစ်ကို ကျပ်ငွေ ၅၀၀ မှ ၆၀၀ အထိ ပေးသွင်း နေကြရသဖြင့် ၀န်ထုတ်ဝန်ပိုး ဖြစ်နေကြရ သော ရခိုင်ဒေသခံများမှာ မခံမရပ်နှိင်ဖြစ်ကာ ရခိုင်ပြည်နေရာ အနှံ့့အပြားတွင် ဆန္ဒဖေါ်ထုတ်ပွဲများပြုလုပ်ပြီး မီတာခလျှော့ကျရေး၊ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို မကြာခဏ တောင်းဆိုလေ့ရှိကြောင်း သိရသည်။

Most read this week