မြေပုံမှ ရေလုပ်သား နှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရေထဲပစ်ချခံရ

မြေပုံမှ ရေလုပ်သား နှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရေထဲပစ်ချခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သား (၂) ဦးကို အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်ပြီး ရေထဲပစ်ချရာ  အပြင်းအထန်ဒဏ်ရာ ရရှိသွားကာ ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူ ရေလုပ်သား (၂) ဦးမှာ မြေပုံမြို့ မြောက်ပိုင်းရပ်မှ ဦးမောင်လှဝင်းနှင့် ဦးအမုံချေ ဆိုသူတို့ ဖြစ်ကြသည်ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက အတည်ပြု ပြောကြားသည်။

၄င်းတို့သည် ငါးဖမ်းစက်လှေ တစ်စီးဖြင့် ပြန်လာစဉ် ပေါက်တောမြို့နယ်ဘက်ကဟု ယူဆရသော မွတ်ဆလင် စက်လှေ တစ်စီး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဦးအောင်ဝင်း ပြောသည်။

“ အခု အဲဒီ လူနာ (၂) ဦးကို မြေပုံ ဆေးရုံမှာ တင်ထားရပါတယ်။ တစ်ယောက်ကတော့ စကား အနည်းငယ် ပြောနိုင်ပြီး တစ်ယောက်ကတော့  စကား မပြောနိုင်သေးဘူး။ သူတို့ ပြန်လာစဉ်မှာ  ပေါက်တောဘက်က ဘင်္ဂလီငါးဖမ်းစက်လှေ တစ်စီးက ၀င်ဆီးပြီး တိုက်ခိုက်တယ်။ လှေပေါ်မှာ ပါလာတဲ့ လူနှစ်ဦးကို ဖမ်းတယ်။ ရိုက်ပုတ်တယ်။ တစ်ဦးကို ကြိုးနဲ့ချည်ပြီး ရေထဲကို ပစ်ချတယ်။  ဒါပေမယ့် သူတို့မသေဘဲနဲ့ ပြန်လွှတ်မြောက်လာကြပါတယ်” ဟု သူက ပြောသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ်ကို ပိုမို သိရှိနိုင်အောင် မြေပုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိခဲ့ပါ။

မြေပုံမြို့မှ NLD အဖွဲ့ ၀င် တစ်ဦးဖြစ်သူ ဦးမောင်မောင်ကို ဆက်သွယ်မေးမြန်းရာ ရခိုင် ရေလုပ်သား နှစ်ဦး ယနေ့ နံနက် ၅ နာရီကျော်က တိုက်ခိုက်ခံရကြောင်းပြောဆိုပါသည်။

“ သူတို့ စက်လှေကို ရေထဲနစ်ပစ်ပြီး စက်လှေပေါ်က အင်ဂျင်စက်နဲ့ ပိုက်တွေကို အကုန်လုံး ယူဆောင်သွား ခဲ့တယ်။ ကျနော်ကြားတာက ဂျီအာရ်စီဆိုတဲ့ အန်ဂျီအို တစ်ခုက မြေပုံက ဘင်္ဂလိီတွေကို ငါးဖမ်း စက်လှေ အစင်း (၅၀) ကူညီပေးထားတယ်။ အဲဒီ စက်လှေနဲ့ တိုက်ခိုက်ပြီး ခုလို လုပ်တာလို့ သိရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဂျီအာရ်စီက အကူအညီပေးထားသော စက်လှေဖြင့် တိုက်ခိုက်ခြင်း ဟုတ် မဟုတ်ကို နိရဥ္စရာက အတည်ပြုနိုင်ခြင်း မရှိပါ။

နောက် မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးမောင်လုံးအား ဆက်သွယ် မေးမြန်းရာ ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး ပေါက်တောက ဘင်္ဂလီ အုပ်စုလား၊ မြေပုံကလားဆိုသည်ကို ရဲက ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း ပြောပါသည်။

ယခု တစ်လော ရခိုင်ပြည်နယ် အတွင်း  အကြမ်းဖက်အုပ်စုများ၏ တိုက်ခိုက်မူကို  ရခိုင်အမျိုးသားများ ဆက်တိုက် ခံနေကြရပြီး အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူ ကာကွယ် ပေးနိုင်ခြင်း မရှိဘဲ ဖြစ်နေကြကြောင်းသတင်း ရရှိသည်။

Most read this week