ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို ထောင်ချ၍ ကျောက်ဖြူတွင် ပြည်သူ ၄၀၀ ခန့်က ဆန္ဒပြပြီ

ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို ထောင်ချ၍ ကျောက်ဖြူတွင် ပြည်သူ ၄၀၀ ခန့်က ဆန္ဒပြပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို မြို့နယ် တရားရုံးက ထောင်ချလိုက်သဖြင့် လူပေါင်း ၄၀၀ ခန့် တရားရုံးရှေ့တွင် စုရုံးပြီး ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သတင်း ရရှိသည်။

ကိုထွန်းကြည် အပါအဝင် လူ (၁၀) ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မူ ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ယနေ့ နံနက်က ကျောက်ဖြူမြို့နယ် တရားရုံးမှ  ထောင် (၃) လစီ ချမှတ်လိုက်ပြီးနောက် ယခုလို ဆန္ဒပြပွဲများ ပေါ်ပေါက်လာကြောင်း ကျောက်ဖြူ လူမူ ကွန်ယက် ဥက္ကဌ ကိုလှမြင့်ကျော်က ပြောသည်။

“ အခု ဆန္ဒပြနေကြတဲ့ သူတွေက မဒေးကျွန်း ရွာ (၄) ရွာက လူတွေ အပါအဝင် ပိုက်လိုင်း ဖြတ်သန်းတဲ့ ရွာတွေက ဒေသခံတွေ ဖြစ်ကြပါတယ်။စုစုပေါင်း ၄၀၀ ခန့်ရှိပါတယ်။ တရားရုံးရှေ့မှာဘဲ ဆန္ဒပြနေကြတာ ဖြစ်ပြီး ထောင်ချခံရတဲ့ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု ၎င်းက ဆိုသည်။

တရားရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင်  အင်အား ၁၀၀ ခန့်က ဒိုင်းကာများဖြင့် နေရာယူထားပြီး တရားရုံး ပတ်ပတ်လည်တွင်လည်းလုံထိန်းများ၊ စစ်သားများက နေရာယူထားကာ မီးသတ်ကားများကိုလည်း အဆင်သင့် ရပ်နားထားသည်ဟု ဆိုသည်။

ဆန္ဒပြသူများ တောင်းဆိုနေသည်မှာ မဒေးကျွန်းမှ ထောင်ချခံရသူ (၁၀) ဦးအား လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ကျေးရွာသားများ အားလုံးကိုဖမ်းဆီးထောင်ချရန် တောင်းဆိုနေကြသည်ဟု လူမူကွန်ယက်မှ ကိုထွန်းလွင်က ပြောသည်။

“ သူတို့တောင်းဆိုနေတာက အခု ထောင်ချခံရတဲ့ သူ (၁၀) ဦးကို ထောင်ချရင် သူတို့ရွာသားတွေပါ အကုန်လုံးထောင်ချပါ။ ဆန္ဒဖေါ်ထုတ်ပွဲကိုလုပ်တာ သူတို့ (၁၀) မဟုတ်ဘူး။ တစ်ကျွန်းလုံးက လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျွန်းပေါ်က လူတွေ အကုန်လုံးကို ထောင်ချပါဆိုပြီး တောင်းဆိုနေကြပါ တယ်။ အခုထိ တောင်းဆိုနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

မဒေးကျွန်းပေါ်မှ ရွာသား ၅၀၀ ခန့်သည် ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က ရွှေသဘာဝ ဓါတ်ငွေ့ကြောင်း ဒေသခံများ နစ်နာမူများရှိနေသဖြင့် ကျွန်းပေါ်ရှိ တရုတ် ကုမ္ပဏီ CNPC ရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။

ယင်းနောက်ပိုင်း ကိုထွန်းကြည် အပါအဝင် လူ (၁၀) ဦးကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည်ဟု ဆိုကာ ကျောက်ဖြူ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ယနေ့ (စက်တင်္ဘာလ ၂၆ ) ရက်နေ့တွင် တရားရုံးက ထောင် (၃)လ  စီ ချမှတ်ခဲ့သည်။

ယခုကဲ့သို့ ထောင်ချသည့် အပေါ် မကျေနပ်သော ဒေသခံများက တရားရုံးရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

Most read this week