ရသေ့တောင် လူငယ် (၂) ဦးကို ဆန္ဒပြပွဲတွင် ပါ၀င်၍ ထောင်ချမူ တရားမျှတမူ မရှိဟု ဆို

ရသေ့တောင် လူငယ် (၂) ဦးကို ဆန္ဒပြပွဲတွင် ပါ၀င်၍ ထောင်ချမူ တရားမျှတမူ မရှိဟု ဆို
by -
နိရဥ္စရာ

ဆန္ဒပြပွဲတွင် ပါ၀င်သည်ဟုဆိုကာ  ထောင် (၃) လစီ ချခံရသော ရသေ့တောင်မြို့မှ လူငယ် (၂) ဦး၏ အမူမှာ တရားမျှတမှုမရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။

ဦးဆောင်သူများ မဟုတ်ပါဘဲ ကိုသိန်းဌေးနှင့် ကိုတိုးတိုးတို့ကို ထောင်ချခြင်းသည် တရားဥပဒေကို မလေးစားရာ ရောက်သည်ဟု သူက ပြောသည်။

“ ဒီဆန္ဒပြပွဲကို အဲဒီလူငယ် နှစ်ဦးက ဦးဆောင်တာ မဟုတ်ဘူး။ သူတို့ ဆန္ဒပြပွဲကို သာမန် လူတွေ လိုဘဲ ပူးပေါင်း ပါ၀င်ကြတာ ဖြစ်ပါတယ်။ ကိုသိန်းဌေးက ရသေ့တောင်မြို့နယ် ရတပ ပါတီ ပြန်ကြားရေး တာဝန်ခံ ဖြစ်တဲ့အတွက် မြို့နယ် ဥက္ကဌက သတင်းယူခိုင်းလို့သွားတဲ့သူသာဖြစ်တယ်။  ဒါကို ထောင်ချတာက ဥပဒေကို မထီမဲ့မြင် ပြုရာ ရောက်တယ်လို့ မြင်ပါတယ်။ နောက်က လိုက်ပါ သူတွေကို တရားစွဲပြီးထောင်ချ တယ် ဆိုတာက တရားအမြင်နဲ့ ကြည့်ရင် တရားရေးမဏ္ဍိုင်ဟာ ဘက်လိုက်မူရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ရသေ့တောင် မြို့နယ်မှူး သန်းအောင်က သူတို့နှစ်ဦးအား ဆန္ဒပြခေါင်းဆောင်ဟု တဘက်သတ် စွပ်စွဲ တရားစွဲဆိုခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းပြင် ဆန္ဒပြပွဲ ပြုလုပ်ရန်  ရဲတပ်ဖွဲ့မှ နှုတ်ဖြင့် ကတိပေးခဲ့သည်ဟုလည်း ဦးလှမောင်သိန်းက  ပြောသည်။

“ ငြိမ်းချမ်းစွာဆန္ဒ ဖေါ်ထုတ်ပွဲ ပြုလုပ်ဖို့ သံံဃာတော် ၃ ပါးက လက်မှတ်ထိုးပြီး တင်ပြ တောင်းခံတယ်။ ဒါကို ရဲက နှုတ်နဲ့  ဂတိပေးခဲ့တယ်။  တကယ်လို့ ဆန္ဒပြပွဲကို ပြုလုပ်လို့ တရားစွဲမယ် ဆိုရင်လည်း ခွင့်တင်တဲ့ သံဃာ ၃ ပါးကိုသာ တရားစွဲသင့်တယ်။”

ဆန္ဒပြပွဲ ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံသည့် ဆရာတော်များမှာ ရသေ့တောင်မြို့ ဓညဝတီကျောင်း ဆရာတော်နှင့် တခြားဆရာတော် ၂ ပါးတို့ ဖြစ်ကြသည်။

မတ်လ ၈ ရက် နေ့ ဆန္ဒပြထုတ်ဖော်ခွင့်ကို ရဲစခန်းတွင်တောင်းခံရာ မတ်လ ၁၀ရက်နေ့ နှုတ်ဂတိဖြင့့် ခွင့်ပြု သည့်အတွက် ရဟန်းတော်များအပါအဝင် အင်အား ၅၀၀ ခန့်က ဆန္ဒထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်သူများက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုုင်ငံသား ဟုတ်မဟုတ်ကို စိစစ်ပြီးမှ ဘင်္ဂလီ ဒုက္ခသည်များကို နေအိမ် အတည်တကျ ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကိုသိန်းဌေးနှင့် ကိုတိုးတိုးတို့နှစ်ဦးမှာ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် ထောင်ချခဲ့ခြင်း ဖြစ်ပြီး  ယခု အခါ သူတို့နှစ်ဦးကို စစ်တွေမြို့သို့ ပို့ဆောင်လိုက်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း  တောင်ကုတ်မြို့မှ ကိုစိုးဝင်း၊ ကိုသန်းလွင်စိုးနှင့် ကိုမင်းထွန်းတို့ ၃ ဦးကို အလားတူ ဆန္ဒပြမူကြောင့် တောင်ကုတ်တရားရုံးမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲကာ ထောင်ဒဏ် (၃) လစီချမှတ်ပြီး သံတွဲအကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့ ဆန္ဒပြပွဲတွင် ဦးဆောင်သူ ဒေါ်လှမေ၊ ဒေါ် တင်တင်အေး၊ ဦးမောင်ဝင်းနှင့် ဦးသိန်းလှိုင်တို့ ၄ ဦးကို ထောင်ဒဏ် (၃) လစီချမှတ်ခဲ့သည်။

နောက်ထပ် ကျန်ရှိနေသူ စစ်တွေမြို့ ဒေါ် မညိုအေးနှင့် ဦးကျော်ဇောဦးတို့နှစ်ဦးကိုလည်း တရားမဝင်စီတန်းလှည့် လှည်မှု ပုဒ်မ ၁၈ ဖြင့် ထောင်ပြစ်ဒဏ် စီရင်ကောင်း စီရင်နိုင်သည်ဟု အများက ထင်ကြေးပေးနေကြသည်။

Most read this week