ရခိုင့် သယံဇာတ ဒေသခံများ ခံစားခွင့် ရရှိရေး လက်မှတ် (၁) လအတွင်း ၁ သိန်းကျော်ရရှိ

ရခိုင့် သယံဇာတ ဒေသခံများ ခံစားခွင့် ရရှိရေး လက်မှတ် (၁) လအတွင်း ၁ သိန်းကျော်ရရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတများကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့် ရရှိရေး တောင်းဆိုရန် ပြည်သူများ၏  လက်မှတ်များ စုဆောင်းကောက်ခံရာ တစ်လအတွင်း လက်မှတ်ပေါင်း (၁) သိန်းကျော်ရရှိနေပြီ ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

လက်မှတ် စုဆောင်းရေး အစီအစဉ် တာဝန်ခံလည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးခိုင်ပြည်စိုးက  စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရခိုင်ပြည်နယ် အတွင်းမှ စုစုဆောင်းရရှိထားသည့် လက်မှတ်အရေ အတွက်မှာ တစ်သိန်းကျော် သွားပြီဟု ဆိုသည်။

DSC 0868

“ ဒီနေ့အထိ ကျွန်တော်တို့ လက်မှတ်ပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိနေပါပြီ။ အဲဒီထဲမှာ ကျွန်တော်တို့က စာရွက်တစ်ရွက်မှာ ၁၅ ဦးနှုန်းသတ်မှတ်ထားပါတယ်။ ၁၅ ဦးမပြည့်တဲ့ စာရွက်တွေကိုချန်ထားပြီး ၁၅ ဦး ပြည့်တဲ့ စာရွက်တွေကိို ရေတွက်ကြည့်တဲ့အခါ ၁၂၀၀၀၀ တိတိ ရှိပါတယ်။ ချန်ထားတဲ့ စာရွက်တွေပါ အားလုံး ပေါင်းရင်း ၁၂၅၀၀၀ ခန့်ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်က ထွက်သည့် သဘာဝသယံဇာတ အရင်းအမြစ်များကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့် ရရှိရေး အတွက် တောင်းဆိုသည့် လက်မှတ် စုဆောင်း ကောက်ခံသည့် အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကော်မီတီ တခုဖွဲ့ကာ (၂) လ အချိန်ယူ ကောက်ခံ နေခြင်းဖြစ်သည်။

သြဂစ်တ်လ ၁၉ ရက်နေ့က စတင်ခဲ့ပြီး ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ် တဝှန်းလုံး တွင် တပြိုင်တည်းစတင် ကောက်ခံခဲ့ရာ  ယနေ့တစ်လပြည့်မြောက်သည့်နေ့တွင် လက်မှတ်် စုစုပေါင်း တစ်သိန်းကျော် ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စုဆောင်းရရှိထားသည့် လက်မှတ်များမှာ ရန်ကုန်နှင့် ရခိုင်ပြည်နယ်မှ မြို့နယ် အချို့ မပါ၀င်သေးကြောင်း ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

“ ကျွန်တော်တို့က (၂ ) လ သတ်မှတ်ထားတဲ့အတွက် တချို့ကလည်း (၂ ) လပြည့်အောင်ထိ ကောက်ခံနေ နေကြတယ်။ အခု ရထားတဲ့လက်မှတ်တွေထဲမှာ ရန်ကုန်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ ရမ်းဗြဲတို့ မပါ သေးဘူး။ ကျောက်ဖြူ နဲ့ မာန်အောင်ကတော့  ဒီနေ့မှ ရောက်မယ်” ဟု ဆိုသည်။

ကောက်ခံထားသည့် လက်မှတ်များကို စက်တင်္ဘာလ အကုန်တွင်ပထမ အသုတ်နေဖြင့် စုစည်းကာ ကော်မီတီ အစည်းအဝေးခေါ်ယူပြီး  အမျိုးသား လွတ်တော်၊ ပြည်သူ့လွတ်တော် အပါအဝင် နိုင်ငံတော် သမ္မတကို တင်ပြပြီး ရခိုင်လူထု၏ ဆန္ဒ သဘောထားနှင့် အညီ သယံဇာတ ခွဲဝေ ခံစားခွင့် ရရှိရေး တောင်းဆိုသွားမည် ဖြစ်သည်။

လူထု လက်မှတ်ကောက်ခံသည့် အစီအစဉ်ကို မြို့နယ် အချို့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူများက ဟန့်တား နှောင့်ချက်မှုများ ရှိနေသော်လည်း သတ်မှတ်ချိန် (၂) လ  ပြည့်အောင်ကောက်ခံသွားမည်ဟု ဆိုသည်။ ယခုကဲ့ သို့ လူထုလက်မှတ်များကို စုဆောင်းကောက်ခံ တင်ပြတောင်းဆိုသော်လည်း အစိုးရဘက်မှ တစုံတရာ ဆောင်ရွက် ပေးမှု မရှိလျှင် နောက်ထပ်အစီအစဉ် တစ်ရပ်ရေးဆွဲကာ ဆက်လက် တောင်းဆို သွားမည်ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြော ဆိုသွားသည်။

Most read this week