ALP နှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီတို့ ၄ကြိမ်မြောက် တွေ့ဆုံ

ALP နှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီတို့ ၄ကြိမ်မြောက် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နှင့် ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီတို့ ၄ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု ပါတီမှ ခေါင်း ဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စက်တင်္ဘာလ ၉ ရက်နေ့က ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ALP ဘက်မှ ပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် ဒေါ်စောမြရာဇာလင်းတို့တက်ရောက်ခဲ့သည်။
 မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီဖက်မှ ဒုဥက္ကဌ ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးအောင်သူငြိမ်းတို့ တက်ရောက်ခဲ့သည်ဟု သူမက ပြောသည်။

ALP-1

ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ALP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက နိရဥ္စရာသို့  ယခုလို ပြောသည်။

“ ရခိိုင်ပြည်နယ် အစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စတွေ အပါအဝင် အနာဂတ် ရှေ့ဆက်သွားရမယ့် ကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။  အထူးသဖြင့်တော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြည်နယ်် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း လက်မှတ်ထိုးထားတဲ့ အချက်တွေမှာ ပါတဲ့အချက်တွေကို တောင်းဆိုတာ တွေ ဒီနေ့အထိ ကျွန်မတို့လက်တွင်းသို့ မရောက်တာတွေ ရှိနေပါသေးတယ်။ အဲဒီကိစ္စတွေအပေါ်မှာ ကျွန်မတို့က တောင်းဆိုသွားတဲ့အပြင် ရှေ့ကိုဘယ်လို ဆွေးနွေးသွားကြမလဲဆိုတာကို နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲတွင် ဦးအောင်မင်းဖက်မှ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ခေါ်ပြီး ALP ပါတီဖက်မှ ပြည်နယ်အဆင့် ဆွေးနွေးပွဲ မပြီးမြောက်ဘဲ ပြည်ထောင်စု အဆင့်ကို ဆွေးနွေးရန် လက်မခံခဲ့ ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ ဦးအောင်မင်းက Nation Wide Ceasefire အဆင့် ဆွေးနွေးပွဲကို တက်လာပြီးတော့ ပွင့်ပွင့် လင်းလင်း ဆွေး နွေးဖို့ ဖိတ်ခေါ်ပါတယ်။ ရပ်ထားတဲ့ ကိစ္စတွေလဲ အဲဒီနောက်ပိုင်းမှာ အဆင်ပြေ လာပါလိမ့်မယ်လို့
ပြောပါတယ်။ ကျွန်မတို့ဘက်က ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့်ကို ဆွေးနွေးမယ်ဆိုရင် အစိုးရနဲ့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီကြားမှာ လက်တွေ့ ကျတဲ့ အဖွဲ့တွေအချင်းချင်းတွေ့ဆုံပြီးတော့
ဘယ်လိုအချက်တွေကို ဆွေး နွေးမလဲဆိုတာကို အရင်ဆုံး ညှိနှိုင်းကြမယ်ဆိုတာတွေကို ဆွေးနွေးကြတာဘဲရှိပါတယ်။”

ပြည်ထောင်စုအဆင့် Nation Wide Ceasefire ဆွေးနွေးမည်ဆိုလျှင်လည်း ALP ပါတီအနေဖြင့် အဖက်ဖက်မှ သုံးသပ်ပြီး ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ပါတီတွင်း ဆုံးဖြတ်ချက်ရယူသွားမည်ကြောင်း သူမက ပြောသည်။

“ နေပြည်တော်မှာ Nation Wide Ceasefire  ကို လက်မှတ်ထိုးဖို့ ခေါ်တဲ့အချိန်မှာ ကျွန်မတို့အနေနဲ့ အခြေ အနေမျိုးစုံကို ပါတီတွင်းမှာ ဆွေးနွေးသုံးသပ်ပြီးတော့ ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် ပထမ အကြိမ် ပြည်နယ်အဆင့် ဆွေးနွေးပွဲကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး ပြည်ပတွင် သုံးကြိမ် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Most read this week