လူငယ်များ အသိပညာတိုးတက်စေဖို့ မင်းပြားမြို့တွင် Public Center ဖွင့်လှစ်

လူငယ်များ အသိပညာတိုးတက်စေဖို့ မင်းပြားမြို့တွင် Public Center ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လူငယ်များ အသိပညာ တိုးပွားစေရန်နှင့် အိုင်တီ ပညာ တိုးတက်ရေးတို့ အတွက် public Center တခုကို များမကြာသေးမီက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ Center ကို မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက် မြောင်ဘွေလမ်းတွင် မြို့ခံလူငယ်များမှ စုပေါင်းဖွင့် လှစ်ထားခြင်းဖြစ်သည်။

“ အဓိကတော့ ကျွန်တော်တို့ အမျိုးသားတွေ အမျိုးသားရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ တစ်သံတည်း ထွက်ဖို့၊ လူငယ်တွေကို အသိပညာ မြှင့်တင်ဖို့၊ ခေတ်မီ အိုင်တီနည်းပညာတွေ တိုးတက်လာဖို့ စတဲ့ အချက်တွေ အတွက် ရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်။” ဟု ကော်မီတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုသန်းရွှေကပြောသည်။

ယင်း Center တွင်ယခုအခါ ကျွန်ပျူတာ ၁၀ လုံးဖြင့် နေ့စဉ် နံနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ စေတနာ့ဝန်ထမ်းများက  အခမဲ့ ကွန်ပျူတာသင်တန်း သင်ကြားပေးနေသည်ဟု ဆိုသည်။

“ လိုအပ်တဲ့ ကွန်ပျူတာပိုင်းဆိုင်ရာပစ္စည်းတွေကို ကျွန်တော်တို့လူငယ်တွေက စုပေါင်းပြီး ၀ယ်ကြတယ်။ အဲဒီ Center မှာဝန်ထမ်းတစ်ယောက်ကို တလကို ၆၀၀၀၀ ကျပ်နဲ့ ခန့်တဲ့အတွက် အဲဒီ ၀န်ထမ်းနေရာကို ကျွန်တော် တို့အထဲက တစ်ယောက်ယူပြီး ရလာတဲ့ လစာတွေနဲ့ ပေါင်းပြီး ၀ယ်ကြတယ်။ တခြားအလှူရှင် တွေ ကလည်း ထောက်ပံ့ပေးတာရှိတယ်”  ဟု ကိုသန်းရွှေက ဆက်ပြောသည်။

ယခု ဖွင့်လှစ်ထားသည့် Public Center ကို ရည်ရှည်ထိမ်းသိမ်းနိုင်ဖို့နှင့် အမြဲတမ်းဝန်ထမ်းများ ခန့်ထားနိုင် ရေးအတွက် ရံပုံငွေရရှိရေး ကော်မီတီတခု ဖွဲ့စည်းထာပြီး လက်ရှိအချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခန့် အလှူငွေများ ရရှိနေကြောင်း သိရသည်။

ယခု Center ဖွင့်လှစ်ထားသည့် အဆောက်အဦးကို ကော်မီတီအဖွဲ့ဝင်များနှင့် စေတနာရှင်များထံမှ ထည့် ၀င်ငွေကြေးဖြင့် တစ်လလျှင် ကျပ် ၉၀၀၀၀ ပေးပြီး ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

Most read this week