ဘူးသီးတောင် အထကခွဲ (၂) ခြိမ်းခြောက်ခံနေရ ဆရာ ဆရာမ များ စာသွားမပြရဲ

ဘူးသီးတောင် အထကခွဲ (၂) ခြိမ်းခြောက်ခံနေရ ဆရာ ဆရာမ များ စာသွားမပြရဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိလူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။

၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ် ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊  ခြေအိတ်(၁) စုံ နှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့သည်ဟု ဆိုသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

၎င်းပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

ယင်းမတိုင်မှီ အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။

ဆရာ ဆရာမများ အနေဖြင့် လုံခြံုရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လုံခြံုရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီကျောင်းသား မိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အခက်ကြံုနေကြရသည်ဟု ဆိုသည်။

အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ  ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြသည်ဟု အဆိုပါ ဆရာက ပြောသည်။

သြဂတ်စ် ၁၈နှင့်  ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အထက်တန်း ကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြံုရေး တင်းကျပ်စွာ ချထားခဲ့ရသည်ဟု သိရသည်။

Most read this week